ဂါဇာမှာ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေလွတ်မြောက်ဖို့ ကာတာနိုင်ငံက ကြားဝင် စေ့စပ်ညှိနှိုင်းမှုအသစ်တွေ ပြုလုပ်နေပြီလို့ အစ္စရေးရဲ့ ဦးဆောင်ညှိနှိုင်းရေးမှူးဟာ ကာတာဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ ကာတာနဲ့ အီဂျစ်တို့နဲ့ လက်တွဲဆောင်ရွက်နေတာဖြစ်ပြီး ကာတာအပေါ်လည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိပေမဲ့ အခုချိန်မှာတော့ ဓားစာခံတွေကို ပြန်ရယူဖို့ ကြိုးစားနေပါတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်နဲ့ စစ်ပွဲရေးရာဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟုက အတည်ပြု ပြောသွားပါတယ်။
နိုင်ငံတကာဖိအားနဲ့ တောင်းဆိုချက်တွေ အမျိုးမျိုးရှိပေမဲ့ စစ်ရေးဖိအား မရှိရင် ဓားစာခံ ၁၁၀ ကို လွှတ်ပေးဖို့ ဦးတည်တဲ့ လမ်းကြောင်းဖန်တီးတာလည်း အောင်မြင်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ရေးအရ ဆက်ပြီး ဖိအားပေးမှသာ ဓားစာခံတွေ အားလုံးကို လွှတ်ပေးဖို့ ဦးတည်လိမ့်မယ်လို့လည်း ပြောပါတယ်။
အစ္စရေးရဲ့ ဦးဆောင် စေ့စပ်ညှိနှိုင်းရေးမှူး၊ မော့ဆက်ခေါင်းဆောင် ဒေးဗစ်ဘာနီးနဲ့ ကာတာဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမဒ် ဘင်အဗ္ဗဒူလ်ရာမန် အလ်ထာနီတို့အကြား ဒီဇင်ဘာ ၁၅ ရက်က ဥရောပမှာ ပြုလုပ်တဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုမှာ မေးမြန်းမှုအပေါ် နေတန်ယာဟုက မေးခွန်းကို မဖြေကြားပဲ ရှောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကိုတော့ ညွှန်ကြားချက်တွေ ပေးထားကြောင်း အတည်ပြုခဲ့ပါတယ်။
ညှိနှိုင်းရေးအဖွဲ့ကို ပေးထားတဲ့ သူ့ရဲ့ ညွှန်ကြားချက်ကလည်း စစ်ရေးဖိအားအပေါ်မှာ မူတည်နေပြီး ဂါဇာရှိ ဟားမတ်စ်တွေအပေါ် ပြင်းထန်တဲ့ စစ်ရေးဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ နေတန်ယာဟုက ကတိပြုခဲ့ပါတယ်။
ဟားမတ်စ်တွေကို ဖယ်ရှားပြီးသွားရင် ဂါဇာကမ်းမြောင်ဒေသဟာ စစ်မဲ့နယ်မြေဖြစ်လာမှာဖြစ်ပြီး အစ္စရေးရဲ့ လုံခြုံရေးထိန်းချုပ်မှုအောက်မှာ ရှိနေမှာဖြစ်ကာ ဘယ်အရာကမှ ခြိမ်းခြောက်တာမျိုး၊ အစ္စရေးကို ဖျက်ဆီးပစ်ဖို့ ကလေးတွေကို သင်ကြားပေးတာမျိုး ရှိတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးတပ်တွေကို ဖယ်ရှားပေးဆိုပြီး တောင်းဆိုချက်အမျိုးမျိုး ရှိနေပြီးတော့ ဒါတွေ ပေးလိုက်ပြီ ဆိုတာနဲ့ ဟားမတ်စ်တွေ အနိုင်ရသွားမှာပဲလို့ နားလည်ရမယ်။ အစ္စရေးဟာ ဟားမတ်စ်တွေကို ဖယ်ရှားပြီး ဓားစာခံတွေကို ပြန်ရဖို့ဆိုတဲ့ ပန်းတိုင်ကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ နေတန်ယာဟုက ပြောပါတယ်။
Source/Photo - Reuters