ဗာတီကန် ရာဇ၀တ်တရားရုံး ရှေ့မှောက်မှာ ကာဒီနယ် ဘုန်းတော်ကြီး အန်ဂျလို ဘက်ချိုကို အဂတိလိုက်စားမှုနဲ့ ဒီဇင်ဘာ ၁၆ ရက်က ပြစ်ဒဏ်စီရင်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
ဒဏ်ငွေ ယူရို ၈ ထောင် ပေးဆောင်ရမယ့်အပြင် ဒီရာထူးတာဝန်ကနေ ရာသက်ပန် ထမ်းဆောင်ခွင့်ကိုလည်း ငြင်းပယ်ခံရတာပါ။
သူကတော့ သူ့ရဲ့ အပြစ်ကင်းစင်ကြောင်း အသနားခံချက်ကို တရားရုံးက လက်ခံပေးဖို့ မျှော်လင့်နေပါတယ်။
အသက် ၇၅ နှစ်ရှိ ကာဒီနယ် ဘက်ချိုဟာ ငွေကြေးအလွဲသုံးစားလုပ်မှု၊ ရုံးပိုင်းဆိုင်ရာ မှားယွင်းစီမံမှု အပြင် မမှန်မကန်ထွက်ဆိုဖို့ သက်သေကို သွေးဆောင်ဖို့ ကြိုးပမ်းမှုတို့နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
အီတလီ တရားလွှတ်တော်ရှေ့နေ ဖှာဘီယို ဗစ်ဂ်ယွန်နေက သူ့အမှုသည်မှာ အပြစ်မရှိကြောင်းနဲ့ အယူခံဝင်မှာဖြစ်ကြောင်း တရားခွင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကာဒီနယ် ဘက်ချို အပါအဝင် စုစုပေါင်း ၁၀ ဦးမှာ လိမ်လည်မှု၊ ရုံးပိုင်းဆိုင်ရာ အလွဲသုံးစားမှုနဲ့ ငွေကြေး ခဝါချမှု အပါအဝင် ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံရပြီး အားလုံးကတော့ သူတို့ အမှားမကျူးလွန်ထားကြောင်း ငြင်းဆိုခဲ့ကြပါတယ်။
တရားရုံးဥက္ကဋ္ဌ ဂျိုဆက်ပဲ ပင်ညက်တိုနေက စီရင်ချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်တွေ အားလုံးကို ဖတ်ကြားရမှာ ၂၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။
တခြားတရားခံတွေလိုပဲ ဘက်ချိုဟာ တချို့စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး တချို့အမှု တွေမှာတော့ တရားသေလွတ်မြောက်ခဲ့ပါတယ်။ စွဲချက်အားလုံးကနေ တရားသေ လွတ်မြောက်သူ ၁ ဦးပဲ ရှိပါတယ်။
ဗာတီကန်ရဲ့အမြင့်ဆုံးအဆင့်မှာ တိုက်ပွဲတွေနဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ဖော်ထုတ်ထားတဲ့ တရားရုံးစစ်ဆေးမှုဟာ ရုံးချိန်းပေါင်း ၈၆ ခုနဲ့ အချိန် ၂ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပါတယ်။
ဒီအမှုဟာ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ဗာတီကန်ရဲ့ အဓိက အုပ်ချုပ်ရေးနဲ့ သံတမန်ရေးရာဌာနမှ လန်ဒန်ရှိ အဆောက်အအုံတခုကို ဝယ်ယူမှု အရှုပ်အထွေးတခုမှာ ပါဝင်ပတ်သက်နေကြတာ ဖြစ်ပါတယ်။
Source/Photo - Reuters