ပုဂ္ဂလိက ကုမ္ပဏီက ပေးတဲ့ လျှပ်စစ်မီးကို သုံးစွဲနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ မီတာခတွေ ထပ်မံစျေးမြင့်တက်သွားတာကြောင့် မီးသုံးစွဲသူတွေကြား ဝေဖန်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တယူနစ် ကျပ် ၁၈၀၀ ရှိခဲ့ရာက ကျပ် ၂၀၀ ထပ်တက်သွားကာ အခု ဒီဇင်ဘာလအတွက် ကျပ် ၂၀၀၀ ပေးရမယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
“ကုန်ဈေးနှုန်းတွေက ကြီးနေချိန် အခု မီတာခပါတက်တယ်ဆိုတော့ နည်းနည်းပါးပါး သုံးရင်တောင် မီတာခက တလ ၄၊ ၅ သောင်းလောက်ကုန်တာ။ မိသားစုရေး ဝမ်းရေး ရုန်းကန် နေရတာ အခုအချိန်မှာ မလွယ်ကူဘူး။”
တပိုင်တနိုင်လုပ်ငန်းလုပ်ကိုင်သူတဦးက “မီတာခစျေးတက်ပြီးဆို တချို့မီးနဲ့ အလုပ်လုပ်ရတဲ့ အလုပ်တွေက မီတာခ စျေးကြီးရင် ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ တွက်ခြေမကိုက်ကြဘူး။ အလုပ်လည်း ပါးတယ်။ ဒီကာလတွေက လုပ်ငန်းက မလည်ပတ်နိုင်ရင် လုပ်ငန်းခွင်ပါ ထိခိုက်နစ်နာမှု နဲ့ ကြုံရတယ်”လို့ ပြောပါတယ်။
ရေးမြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေရွားပေါင်း ၁၁ ရွာလောက်ဟာ အစိုးရလျှပ်စစ်ကို မသုံးစွဲနိုင်ကြသေးဘဲ ပုဂ္ဂလိက မီးကိုသာ သုံးစွဲနေရတာဖြစ်ပါတယ်။