ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့မှာ ဒီဇင်ဘာ ၁၅ ရက် ညက ဒေသခံပြည်သူ ၂ ယောက်ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ ဆက်စပ်မှုရှိတယ်စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားကြတယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငပလီမြို့ မြပြင်ရပ်ကွက်၊ကွက်သစ်မှာ ဒီဇင်ဘာ ၁၅ ရက် ည ၁၀ နာရီလောက်က ငပလီ အခြေစိုက် ခလရ ၅၅ က စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၁၅ ယောက်လောက် ကား ၂စီးနဲ့ ရောက်လာပြီး ပြည်သူ ၂ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ ငပလီမြို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူကတော့ မြပြင်ရပ်ကွက်က ဦးစည်သူနဲ့ ဦးသိန်းမောင်တို့ဖြစ်ပြီး သူတို့ ၂ ယောက်ကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ ခလရ ၅၅ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
သံတွဲမြို့ နတ်မှော်ရပ်ကွက်မှာလည်း နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီလောက်မှာလည်း စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ကား ၂ စီးနဲ့ ရောက်လာပြီး ရာအိမ်မှူး ဦးဇော်နိုင်၊ ဒေါ်ရီရီခင်၊ မရွှေရီဝင်းနဲ့ အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ သာလီစွ သွေးလှူရှင်အသင်းက ကို မိုးဝေတို့ကို ULA/AA နဲ့ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို အေအေနဲ့ ဆက်စပ်တယ် သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတဲ့အပြင် စစ်တွေမြို့ကို စျေးလာဝယ်တဲ့ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။