နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာမှာ နေထိုင်တဲ့ နေပြည်တော်စည်ပင်သာရေးကော်မတီ ဒုညွှန်မှူးဟောင်းတဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။
သုခတော်ဝင်အိမ်ရာ တိုက်အမှတ် T-2 အခန်း ၁ မှာနေထိုင်တဲ့ အမျိုးသမီးတဦးကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာ”လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူ FB အကောင့်ကနေ MNDAA က လီကျားဝင်းနဲ့အင်တာဗျူးမှာ ကွန်မန့်ပေးလို့ ဖမ်းဖို့ လော်ဘီတွေက တင်လိုက်လို့ဖမ်းတာ။"
ဖမ်းဆီးခံရသူမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး (ဟောင်း) ဒေါ်ခင်စိုးယုဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက MNDAA မှ လီကျားဝင်းရဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
"ဖမ်းဖို့အရင်ဆုံးတင်တာ People မီဒီယာကတင်တာ။ သူ့အကောင့်အဟတ်ခံရတယ်၊ အဲ့ဒါကိုလည်း Poeple မီဒီယာမှာ ပြန်ပြီးဖြေရှင်းထားတယ်။ ဒါပေမဲ့ စစ်တပ်က မရဘူး အမှုဖွင့်လိုက်တယ်။"
ဒေါ်ခင်စိုးယု အသုံးပြုနေတဲ့ Soe Soe Tike Kyi ဖေ့စ်ဘွတ်ခ်အကောင့်မှာ အဟတ်ခံထားရပြီး ပြည်ပမီဒီယာတခုမှာ MNDAA ရဲ့ လီကျားဝင်း အင်တာဗျူးမှာ "လိမ္မာပါးနပ် ပြတ်သားစွာပြောသွားတာပဲ တော်လိုက်တာ" လို့ မှတ်ချက်ပေးခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လက်တလောမှာ ဒုညွှန်ကြားရေးမှူးဟောင်း ဒေါ်ခင်စိုးယုကို ဇမ္ဗူသီရိမြို့မရဲစခန်းမှ (ပ)၅၆/၂၀၂၃၊ပုဒ်မ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။