စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီကျော်က မီးရှို့လို့ ဒေသခံထောင်နဲ့ ချီထွက်ပြေးနေရတယ်လို့ ရွာသားတွေထံက သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက် မနက်ခင်းပိုင်းက စတင်ကာ ကန့်ဘလူမြို့နယ် နတ်အင်းကနေ ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသား တဦးက “အင်အား ၁၅၀ လောက်တော့ရှိမယ်။ PDFကို ထောက်ခံလို့ပဲ ဖြစ်မယ်။ မြေပြင်မှာတော့ ထိတွေ့တော့ မရှိဘူး။ ကျနော်တို့ရွာလေးကတော့ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အကြောင်းမဲ့ကို မီးအကြိမ်ကြိမ် အရှို့ခံနေရတာပါ”လို့ ပြောပါတယ်။
ညောင်ပေါင်ရင်းကျေးရွာကို စစ်ကောင်စီတပ်က အရင်ကလည်း ၂၀၂၂ ခုနစ် မှ ၂၀၂၃ ခုနှစ်အထိ ၄ ကြိမ်မီးရှို့ခဲ့ပြီး လူနေအိမ် ၇၉ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
အခုတကြိမ်ကတော့ ၅ ကြိမ်မြောက် မီးရှို့တာဖြစ်ပြီး စစ်ကောင်စီတပ်က ရွာထဲမှာ ရှိသေးတာကြောင့် ပျက်စီး ဆုံးရှုံးမှု အသေးစိတ်ကိုမသိရသေးဘူးလို့ ရွာသားက ပြောပါတယ်။
ကန့်ဘလူတောင်ပိုင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးသလို ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်တယောက်အပါဝင် ၂ ယောက် သေဆုံးကာ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်ရင်းက မနေ့မနက်ပိုင်းမှာ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဇဟောကျေးရွာအရှေ့ဘက် ချောင်းစပ်မှာ တလုံး ရွာထဲမှာတလုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဂန့်ဂေါမြို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည်ကျရောက်ခဲ့လို့ ဇဟောကျေးရွာက အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် လက်နက်ကြီးကျည်စထိမှန်ပြီး ဝမ်းဗိုက်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ခလရ ၅၀ တပ်ရင်းက ညနေ ၃ နာရီကျော်လောက်မှာ ၁၂၀မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့လို့ ရှုံးရှီကျေးရွာက ဦဘဆိုင်ရဲ့ နေအိမ်မှာကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ အသက် ၆၀ ကျော်အရွယ် အဘွားအိုတယောက်သေဆုံးခဲ့ကာ ၃ ယောက်ဒဏ်ရာရရှိခဲ့လို့ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာပြီး စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ မီးရှိုဖျက်ဆီးတာတွေ လုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာတော့ ဒီဇင်ဘာ ၁၆ ရက် မနက် ၉ နာရီက စတင်ကာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေထံက သိရပါတယ်။
အခုတိုက်ပွဲကို ဆားလင်းကြီးမြို့နယ် ပကဖ၊ ပလဖနဲ့ တပ်ရင်းတပ်ဖွဲ့စုံနဲ့ မုံရွာမြို့နယ် တပ်ရင်း တပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးခေါင်းဆောင်တွေထံက သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ပလဖ တာဝန်ရှိသူ ဆရာဂျိန်းက“တိုက်တာက စခန်းသိမ်းတိုက်ပွဲလုပ်တာ။ သူတို့ဘက်က သတင်းကြို ရတာလားတော့မသိဘူး။ ခံစစ်ကောင်းကောင်းနဲ့ကို ခံပစ်တာ။ တိုက်ပွဲကတော့ ထိပ်တိုက်အနီးကပ် တိုက်ပွဲပဲ။ သူတို့ဘက်ကလည်း အထိခိုက် အကျအဆုံးတော့ များနိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော် ၄ ဦးတော့ ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ချင်းတွင်းမြစ်အတွင်းကနေ စစ်ကြောင်းထိုး လှုပ်ရှားသလို မြေပြင်ကနေလည်း စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ပြုလုပ်လေ့ရှိပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။