ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာသူတွေ အတွက် မိုးကာနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
လွိုင်ကော်မြို့ကနေ နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ရှောင်လာရတဲ့ပြည်သူတွေဟာ စစ်ဘေး ကြောင့် နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ထားခဲ့ရပြီး တကိုယ်ရည်သုံးပစ္စည်းအနည်း ငယ်သာ သယ်လာရတာကြောင့် ရာသီဥတုအေးလာတာနဲ့အမျှ အနွေးထည်နဲ့ နေထိုင်စရာ တဲအိမ်တွေအတွက် မိုးကာတွေ လိုအပ်နေတာပါ။
စစ်ဘေးရှောင်အမျိုးသမီးတဦးက "အန်တီတို့ စစ်ရှောင်လာရတော့ ဘာမှ မပါလာဘူး။ ပစ္စည်း တွေက ပြောမယ်ဆို တခုမှ ယူမလာရဘူး။ အဝတ်အစားတွေတောင်မပါလာဘူး" လို့ ပြောပါတယ်။
စစ်ဘေးရှောင်တချို့က နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ ယာယီ စစ်ဘေးရှောင်နေကြရပြီး ရေရှည်အတွက် အဆင်မပြေတာကြောင့် စစ်ရှောင်စခန်းတွေ ထပ်ဆောက်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။
စစ်ရှောင်တွေကို ကူညီပေးသူတဦးက "အဓိက နေစရာခက်ခဲပြီး အအေးဒဏ်ကြောင့်ပါ။ သက်ကြီးရွယ်အိုတွေလည်းပါတော့ တချို့ အမိုးအကာမပါတဲ့နေရာ နေနေရတာပါ။ မိသားစုတစုကို မိုးကာ၊ ဆန်၊ စောင်ရယ်ဆို အနည်းဆုံး ၆၀၀၀၀ ရှိမယ်" လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ဝေးလံခေါင်သီတဲ့နေရာတွေမှာ စစ်ရှောင်နေကြပြီး အလှူငွေရရှိမှု နည်းလာတာနဲ့အမျှ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ဘေးရှောင်ပြည်သူအရေအတွက် အတိအကျ သိရဖို့ စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူနေတယ်လို့ ဆိုပါတယ်။