ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ဒေသခံအမျိုးသား တယောက်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကစ္ဆပနဒီတံတားအောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်လောက်က မနေ့ ည ၈ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာလို့ ကျောက်တော်မြို့ခံက ပြောပါတယ်။
ပစ်သတ်ခံရသူကတော့ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်က အသက် ၄၉ နှစ်အရွယ် ဦးစိန်သာဖြစ်ပြီး ကားဂိတ်ကနေ ဆိုင်ပိတ်ပြီး ပြန်လာတဲ့အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဦးစိန်သာကို ဘာကြောင့် ပစ်သတ်ခဲ့တာဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ အရက်သေစာ သောက်စားမူးယစ်နေပြီး ညနေပိုင်းမှာလည်း ပြည်သူနှစ်ယောက်ကို ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး တိုက်ပွဲတွေပြန်ဖြစ်ခဲ့ရာ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့တွေမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့လို့ ဒေသခံ ၄၀ နီးပါးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။