ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးလို့ ခေါင်းစဉ်တပ်ကာ ပြည်သူတွေကို ခေါ်ယူပြီး ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအတွက် ကြိုတင် ဟောပြောစည်းရုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဘိုကလေး၊ ဟင်္သာတစတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေအထိ လိုက်လံကွင်းဆင်းပြီး ဒေသခံပြည်သူတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေက လိုက်လံ စည်းရုံး ဟောပြော နေတာလို့ ဆိုပါတယ်။
မအူပင်မြို့နယ်က အမျိုးသမီး တဦးက 'အစည်းဝေးဆိုလို့သွားတာ။ ကြံ့ခိုင်ရေးပါတီရုံးက လူတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အီလက်ထရောနစ် မဲပေးစနစ် ရှင်းပြမယ်ဆိုပြီး စည်းရုံးနေတာ''လို့ ပြောပါတယ်။
တခြားဒေသခံတဦးကလည်း ''မဲပေးဖို့ကိစ္စကို ကြံ့ခိုင်ရေးပါတီက အသည်းအသန်စည်းရုံးတာ။ မှတ်ပုံတင် လုပ်ဖို့ ကိစ္စတွေလည်း ပြောသွားတယ်။ မှတ်ပုံတင်မရှိရင် မဲပေးခွင့်ဆုံးရှုံးမှာဖြစ်လို့ မှတ်ပုံတင်မရှိရင် ပြည်သူတယောက်ရဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှာစိုးလို့၊ မှတ်ပုံတင်ကို ကြိုတင်လုပ်ကြဖို့နဲ့ မရှိတာရှိရင်ရုံးကို လာလုပ်ဖို့ အကြောင်းကြားဖို့ပြောတယ်''လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဧရာဝတီတိုင်းအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအနည်းငယ်သာရှိသေးတာကြောင့် ခုလိုမျိုး ကြိုတင်ဟောပြော နေတာလို့ ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲဘယ်နေ့ကျင်းပမယ် မကြေညာသေးပေမဲ့ တပ်ထောက်ခံတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ အာဏာသိမ်းဖို့ ဦးဆောင်တိုက်တွန်းခဲ့တဲ့ ပါတီတွေထဲက တခုဖြစ်ပြီး စစ်တပ်က ထွက်လုပ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ပြုတ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။