Home
မြန်မာသတင်း
မတ္တရာတွင် လွှတ်တော်အမတ်၏ ဖခင်ကို စစ်တပ်က ဒုတိယအကြိမ်ဖမ်းဆီး
DVB
·
December 17, 2023
mat 17122023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊  တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းရဲ့ ဖခင်ကို ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းမှာ မျက်နှာဖုံးတပ်ထားတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

လွှတ်တော်အမတ် ဦးမင်းမင်းရဲ့ ဖခင်ဟာ အသက် ၈၀ ကျော်အရွယ်ရှိနေပြီဖြစ်ပြီး   ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း သူ့ကို စစ်တပ်က ပထမတစ်ကြိမ်ဖမ်းဆီးသွားပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အခု ဖမ်းဆီးတာကတော့ ဒုတိယအကြိမ်ဖြစ်ပြီး လတ်တလော ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးပါဘူး။

မတ္တရာမြို့ခံတစ်ဦးက “ ကျနော်တို့ အထင်တော့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေ ဖြစ်မယ်ထင်တယ်။ မျက်နှာဖုံးတွေ စွပ်ပြီးတော့ ကားတစ်စီးနဲ့ ဝင်ဖမ်းတယ။ ရိုက်နှက်တာတွေတော့မရှိဘူး။ ဖမ်းခေါ်သွားတယ်။ နောက်တစ်ခုက နေအိမ်ဖျက်စီးတာ၊ ချိတ်ပိတ်တာတွေတော့မရှိသေးဘူး။ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံးကတော့ ချိပ်ပိတ်ခံထားရတာကြာပြီ။ အဲ့ဒါကတော့ တော်လှန်ရေးစပါပြီ၊ လက်နက်ကိုင် လမ်းစဉ်စပါပြီဆိုကတည်းက ချိပ်ပိတ်ခံထားရတာ။ မနက်က ဖမ်းဆီးမှုမှာက တော့ ရိုက်နှက်တာ ရန်ပြုတာတွေတော့မရှိဘူး၊ ဖမ်းသွားတယ်” လို့ ပြောပါတယ်။

လွှတ်တော်အမတ်  ဦးမင်းမင်းကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မတ္တရာမြို့ပေါ်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ အခုလပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး စစ်တပ်က  ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေ လုယက်တာ၊ အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024