စစ်အာဏာရှင်အောက်က ထောင်တွေမှာ လူတွေကို အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း နှိပ်စက်တာချည်းပါပဲ။
ထောင်ထဲမှာ လူတယောက်ရဲ့အသက်က ဘာမှတန်ဖိုးမရှိပါဘူး။ အရမ်းကို ဈေးပေါလွန်းပါတယ်။ ထောင်ဝါဒါတွေ ပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်။ ထောင်ထဲမှာ မင်းကို ရိုက်သတ်လိုက်လို့ရတယ်၊ မင်းတို့ တယောက်သေသွားရင် စာရွက်တရွက်ပဲ ကုန်တယ်၊ ငါတို့ ဒီမှာ ဝက်တကောင်သေရင် စောက်ပြဿနာကွ၊ အဆင့်ဆင့် ထုချေလွှာ တင်ရတယ်။ မရှင်းနိုင်ရင် ကိုယ်အိတ်စိုက်လျော်ရတယ်။ မင်းတို့အသက်က ဝက်တကောင်လောက်တောင် တန်ဖိုးမရှိဘူး။
ထောင်တွေက လူတွေကို ပြုပြင်ထိန်းသိမ်းရေးစခန်း ဖြစ်ရမှာထက် လူတွေရဲ့ ဂုဏ်သိက္ခာ တခုမှ မရှိတော့အောင်၊ တန်ဖိုးမရှိတော့အောင် လုပ်တဲ့နေရာ၊ လူအချင်းချင်း နင်းခြေတတ်အောင် သင်ပေးတဲ့နေရာ ဖြစ်နေတယ်။
ထောင်ဝါဒါတွေရဲ့စိတ်မှာ ထောင်ထဲရောက်လာသူ အားလုံးက ရာဇဝတ်မှုတခုခု ကျူးလွန်ခဲ့သူ၊ အပြစ်ရှိသူတွေချည်းသာ ဖြစ်တယ်လို့ Brainwash လုပ်ခံထားရတယ်။ အဲ့ဒီတော့ အသက်ဘယ်လောက်ကြီးကြီး ထောင်ကျတဦးကို နာမည်ခေါ်ရင် ဘယ်တော့မှ (ဦး၊ ကို၊ မ) တပ်ခေါ်လေ့မရှိဘူး။ နောက်တခုက ထောင်ပိုင်နဲ့ ရာထူးရှိသူတယောက်ယောက်လာရင် အကျဉ်းသားတယောက်က ရောက်တဲ့နေရာကနေ မျက်လုံးကို မြေကြီးကို ငုံ့ကြည့်နေ၊ ခေါင်းကို အောက်ဆုံးအထိစိုက်ပြီး လက်နှစ်ဖက် ရှေ့မှာယှက်ပြီး နေပေးရတယ်။ သက်ဦးဆံပိုင်ခေတ်က ဘုရင်တပါး တိုင်းခန်းလှည့်လည်ရင် တိုင်းသူပြည်သားတွေကို မော်ဖူးဆိုမှ ဖူးခွင့်ရတဲ့ပုံစံမျိုး။
ထောင်ထဲမှာ လူ့တန်ဖိုး ဘာမှမရှိဘူး။ ထောင်ထဲဝင်လာကတည်းက ဗူးတံခါးကြီးဆိုတဲ့ အဝင်ဝကတည်းက ထောင်ဝါဒါမွေးထားတဲ့ အကျဉ်းသား လက်ကိုင်တုတ်တွေက ပါလာသမျှ ပစ္စည်းတွေကို စစ်ဆေးရင်း တန်ဖိုးကြီးတဲ့အရာတွေ ချွတ်ခွာလုပ်ရင်းနဲ့ တခါတည်းမှာတယ်။
“မင်းက အပြင်မှာ ဘယ်ဌာနက ဘယ်လိုရာထူးရှိသူ၊ ဘယ်လိုချမ်းသာကြွယ်ဝသူ၊ ဘယ်လိုကြီးကျယ်မြင့်မြတ်သူ ဆိုတာတွေ အားလုံးကို ဒီတံခါးကြီးအပြင်မှာ ထားခဲ့ပါ။ ထောင်ထဲမှာ အားလုံးက အကျဉ်းသားတွေပဲရှိတယ်။ ဥပဒေတခုခု ချိုးဖောက်ကျူးလွန်လာခဲ့တဲ့ ရာဇဝတ်သားတွေပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” လို့ဆိုပြီး တခါတည်း အစွဲချွတ်တယ်ဆိုပြီး မှာလေ့ရှိတယ်။
ဗိုလ်ဆောင်
ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်။ အဲ့ဒါက စစ်ဘက်က ထောင်ကျလာသူတွေကတော့ ထောင်ထဲမှာ ဘုရင်တဆူလို နေရတယ်။ အင်းစိန်ထောင်မှာဆို ထောင်မကြီးဘေးမှာ ကပ်ပြီးဆောက်ထားတဲ့ သီးသန့်ထောင်ဆိုတဲ့ ထောင်လေးတခု ရှိတယ်။ အဲ့ဒီထောင်အသေးလေးက တိုက်ဝင်းတခု၊ အဆောင် ၃ ဆောင်ပဲရှိတယ်။ အဲ့ဒီ အဆောင် ၃ ဆောင်ထဲက တဆောင်ကို စစ်တပ်က ထောင်ကျလာတဲ့ စစ်ဗိုလ်ကနေ ဗိုလ်ချုပ်တွေအထိ ထားတဲ့ သီးခြားအဆောင်ပေါ့။ ဗိုလ်အဆင့်အောက်တွေတော့ အဲ့ဒီမှာ နေလို့မရဘူး။
အဲ့ဒီလို စစ်တပ်ကလူတွေ ထောင်ကျလာရင် ဆိုတာကလည်း ဗိုလ်ကြီးအုန်းကျော်မြင့်တို့လို စစ်တပ်ကိုဆန့်ကျင်ပြီး ထောင်ကျလာသူတွေအတွက် မဟုတ်ဘူး။ စစ်တပ်ထဲမှာ မုဒိမ်းမှုဖြစ်ပြီး ထောင်ကျလာသူ၊ အကြီးအကျယ် လာဘ်စားသူ၊ သူများမယား ကြာခိုသူ၊ စစ်တပ်ကနေ အသွင်ပြောင်းဘဝနဲ့ ဌာနဆိုင်ရာတခုခုမှာ အရာရှိကြီးဖြစ်ပြီး ပြည်သူပိုင်ပစ္စည်း၊ ဌာနပစ္စည်းတွေ မဟားတရားခိုးသူ၊ အကြီးအကျယ် လာဘ်စားသူ၊ စစ်စခန်းစွန့်ခွာသူ၊ အထက်အမိန့် မနာခံသူနဲ့ တပ်ကနေ ထွက်ချင်လို့ တမင် ထောင်ကျခံသူတွေကိုပဲ ထားတာ။
အဲ့ဒီလို ထောင်ထဲရောက်နေတာတောင်မှ သူတို့ကျတော့ မာန်အချမခံရပါဘူး။ သူတို့ကျတော့ ထောင်ကျနေတာတောင် အပြင်ကရာထူးအတိုင်း ထောင်ဝါဒါတွေက ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ အဘ စသဖြင့် ဆက်ခေါ်တုန်းပါပဲ။ အလေးမပြုရုံတမယ်ပါပဲ။ သူတို့အဆောင်မှာတော့ ထောင်ပိုင်တန်းစီဆိုတာ လုံးဝမရှိပါဘူး။
ထောင်ပိုင်တန်းစီ
ထောင်ပိုင်တန်းစီ ဆိုတာက တနင်္လာနေ့တိုင်း ထောင်ပိုင်က ထောင်ရဲ့ ဗဟိုကင်းမျှော်စဉ်ပေါ် တက်ပြီး အလေးပြုခံပြီး တပ်၊ ကင်း၊ လက်နက်၊ ယူနီဖောင်းတွေကို စစ်ဆေးရပါတယ်။ စစ်ဆေးပြီးတာနဲ့ ထောင်ထဲကိုဝင်လာပြီး တထောင်လုံးကို ပတ်ရပါတယ်။ အဲ့ဒီလို ပတ်တဲ့အချိန်မှာ တထောင်လုံးက အမှိုက်တစမှမရှိအောင် သန့်ရှင်းနေရပါတယ်။ အဆောင်တွေ၊ တိုက်တွေမှာ မနက် ဘုရားရှစ်ခိုးပြီးတာနဲ့ ကိုယ်အိပ်တဲ့ အိပ်ရာခင်း၊ စောင်နဲ့ အပိုပုံစံအင်္ကျီ၊ ပုဆိုးတွေကို သေသေချာချာခေါက်ပြီး ကစ်ပုံ ပုံရပါတယ်။ တခြား အစားအသောက်နဲ့ အပိုပစ္စည်းတွေ အားလုံးကို ထောင်ပိုင်နဲ့အဖွဲ့ မမြင်နိုင်တဲ့ မိလ္လာချောင်တို့ ဂိုထောင်တို့မှာ သွားဖွက်ထားရပါတယ်။
ထောင်ကြီးရင် ကြီးသလို အချိန်ကြာတတ်ပါတယ်။ မနက်မိုးမလင်းခင် ဘုရားရှစ်ခိုးပြီးချိန်ကနေ တန်းစီပြီးတဲ့အထိ ပုံစံထိုင်နေရပါတယ်။ ထောင်ပိုင်က ကိုယ့်အဆောင် (သို့) တိုက်ရှေ့ရောက်တာနဲ့ ထုံးစံအတိုင်းဆိုရင် အကျဉ်းသားတွေ ဘာလိုအပ်သလဲ၊ ဘာအခက်အခဲရှိလဲ၊ ဘာတင်ပြစရာရှိလဲ ဆိုပြီး မေးရမှာပါ။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက် ထောင်တွေမှာတော့ အဲ့လိုအခွင့်အရေးတွေ ဘယ်ထောင်မှာမှ မရခဲ့ကြပါဘူး။
အကျဉ်းသားက တင်ပြချင်ရင်တောင် ကိုယ့်အဆောင်မှူးကို အရင် သတင်းပို့ရပါမယ်။ အဆောင်မှူးက ခွင့်ပြုမှ တင်ပြခွင့်ရကြတာပါ။ ဒါပေမဲ့ အခု နွေဦးတော်လှန်ရေးခေတ်မှာတော့ အဲ့လိုတင်ပြခွင့်ရတဲ့ထောင်က လုံးဝမရှိဘူးလို့ ပြောလို့ရမယ် ထင်ပါတယ်။
အဲ့လိုတင်ပြခွင့်သာ မရကြတာ၊ ထောင်ပိုင်တန်းစီနေ့ဆိုရင် နာရီပေါင်းများစွာ ပုံစံထိုင်နေရပြီး မနက်စာစားဖို့ ခက်ခဲရပါတယ်။ ထောင်ပိုင် ထောင်ထဲပြန်လည်မထွက်ခွာမချင်း ထိုင်နေရတာပါ။ အဲဒီ ထောင်ပိုင်တန်းစီနေ့ကို အကျဉ်းသားတွေ အမုန်းဆုံးပါပဲ။
အဲဒီလို ထောင်ပိုင်တန်းစီနေ့ဆိုရင် ထောင်ပိုင်က ဘယ်တော့မှ ဗိုလ်ဆောင်ကို မသွားပါဘူး။ များသောအားဖြင့် ဒီဘက်ခေတ်မှာ ထောင်ပိုင်တွေ အများစုက စစ်တပ်အသွင်ပြောင်းတွေ ဖြစ်ကြတော့ (ဒေါ်စိန်အေး) ကျောင်းမှာကတည်းက သင်ပေးထားတဲ့ စီနီယာ၊ ဂျူနီယာအလိုက် ကြောက်ရမယ်၊ ရာထူးမြင့်သူကို ရာထူးငယ်သူက ကြောက်ရမယ်ဆိုတာက သူတို့ခေါင်းထဲမှာ အသေစွဲနေတော့ ဗိုလ်ဆောင်မှာရှိတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေထဲမှာ ထောင်ပိုင်ထက် ရာထူးကြီးသူတွေ၊ စီနီယာတွေပါရင် ထောင်ပိုင်က အလေးပြုနေရတာ။ ထောင်ကျအကျဉ်းသား ဗိုလ်မှူးပူစာတာ၊ တောင်းဆိုတာတွေကို လုပ်ပေးနေရတာကြောင့် ထောင်ပိုင်က ဘယ်တော့မှ ဗိုလ်ဆောင်ကို မသွားပါဘူး။ အဲ့ဒီတော့ စစ်တပ်ကလူတွေ ထောင်ကျလာခဲ့ရင်လည်း ထောင်ထဲမှာ သာသာယာယာပါပဲ။
ခုနကစကားကို ပြန်ကောက်ရရင် ထောင်ထဲမှာ လူတွေအားလုံး ဘယ်သူမှ တန်ဖိုးမရှိပေမဲ့ စစ်တပ်က ရာဇဝတ်မှု ကျူးလွန်လာသူတွေကတော့ ထောင်ထဲမှာလည်း ဘုရင်တွေလို နေရပါတယ်။
တခါတလေ ထောင်ကျ ဗိုလ်မှူးက ထောင်ပိုင်နဲ့ တတပ်တည်း အထက်အောက် အရာရှိဘဝနဲ့ နေခဲ့ဖူးတဲ့ ထောင်ပိုင်တယောက်တုန်းကတော့ ခြွင်းချက်အနေနဲ့ ထောင်ပိုင်တန်းစီနေ့ဆိုရင် ထောင်ပိုင်က သူ့ဆရာအတွက် စားစရာ ပါဆယ်တွေ သယ်လာပေးရုံတင်မက သောက်စရာပါ သယ်လာခဲ့တာ ကြုံခဲ့ဖူးပါတယ်။ သူကိုယ်တိုင်ကတော့ ပါဆယ်ကို သယ်မ မလာဘဲ ထောင်မှူးလေးတယောက်က အဲ့ဒီပါဆယ်ထုပ်ကို ဆွဲလာခဲ့ရပြီး ထောင်ပိုင်ဘေးကနေ လိုက်လာပြီး ခုနက ဗိုလ်မှူး ထောင်ကျကို ပို့ပေးရတာပါ။ အဲ့ဒီဗိုလ်ဆောင်ကတော့ ဗိုလ်တွေ ဘယ်လောက်လွတ်လပ်လဲ ဆိုတာထက် အဲ့ဒီဗိုလ်ဆောင်မှာ ဘာယာလုပ်ချင်သူ၊ အခန်းလူကြီး လုပ်ချင်သူ၊ အမြဲဆင်းလုပ်ချင်သူတွေတောင် ဒီအတိုင်း မရပါဘူး။ ဘောက်ချာအကြီးကြီးဖြစ်မှ ရပါတယ်။ (ဘောက်ချာ= ထောင်မှူး၊ ထောင်ပိုင်ကို ငွေပေးထားသူ)
(အမြဲဆင်း- အမြဲဆင်း ဆိုတာက အခုလို ဗိုလ်ဆောင်တွေမှာပဲ ရှိတာပါ။ သူတို့က အဆောင်သန့်ရှင်းရေး၊ မိလ္လာသန့်ရှင်းရေး၊ ဆေးခန်းကိစ္စနဲ့ ထောင်ကျအကျဉ်းသားတွေအတွက် အလုပ်လုပ်ပေးရသူ၊ အဲ့ဒါကလည်း တခြားအဆောင်တွေမှာ မရှိပါဘူး၊ အခုလို အခွင့်ထူးခံ အဆောင်တွေမှာပဲ ထားတာပါ။ တခြားအဆောင်တွေမှာတော့ ကိုယ့်အဆောင်အတွက် ကိုယ့်ဟာကိုယ် လုပ်ရတာပါ။ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ထောင်ဝင်စာ မလာနိုင်တဲ့သူတွေကို ပိုက်ဆံ (သို့) စားစရာတခုခုပေးပြီး သူ့အစား ခိုင်းကြသလို အခန်းကြေး၊ အဆောင်ကြေး၊ မပေးနိုင်တဲ့သူတွေကလည်း ထောင်ထဲမှာ အခန်းလူကြီးနဲ့ တန်းစီတွေရဲ့ အနိုင်ကျင့် ခိုင်းစေတာ ခံရပါတယ်။)
အခန်းလူကြီးကတော့ အခန်းနဲ့ပတ်သက်တာတွေ အကုန်တာဝန်ယူ လုပ်ပေးရသလို အမြဲဆင်းတွေကို သူကပဲ ဦးဆောင်ခိုင်းရတာပါ။ ဆေးခန်းပြ၊ ထမင်း၊ ဟင်းကိစ္စ အပါအဝင် ထောင်နဲ့ အဆောင်ကြား ဆက်သွယ်ပေးရသူဖြစ်ပြီး ဘာယာကတော့ ညကင်း၊ သူရဲကင်းတွေ စောင့်ပေးရပြီး အခန်းလူကြီးနဲ့ ဗိုလ်တွေ ခိုင်းသမျှ လုပ်ပေးရတာပါ။
အဲ့ဒီလိုမျိုးဗိုလ်တွေ ထောင်ထဲမှာ အေးဆေးနေရရုံမက အစားအသောက်ကလည်း ထောင်ဝင်စာနဲ့၊ ပါဆယ်မှာ သူတို့အတွက် ကန့်သတ်ချက် မရှိပါဘူး။ အကုန်သွင်းလို့ရရုံမက အရက်ပါ သောက်လို့ရပါတယ်။ အဲ့ဒါကြောင့် ဗိုလ်တွေကို ခြေဆုပ်လက်နယ် လုပ်ပေးပြီး သူတို့ စားကြွင်းစားကျန်၊ သောက်ကြွင်းသောက်ကျန်လေးတွေ မှီဝဲချင်ကြတာပါ။ ထောင်ထဲမှာ အရက်သောက်လို့ရတာ စစ်ဗိုလ်တွေပဲ ရှိပါတယ်။
(ခြွင်းချက်အနေနဲ့က တော်လှန်ပုန်ကန်လာတဲ့ ဗိုလ်တွေတော့ အဲ့ဒီအခွင့်အရေး တခုမှ မရကြပါဘူး)
ဗိုလ်နေဝင်းတို့ စစ်ထောက်လှမ်းရေးတို့ ထောင်ထဲပြန်ရောက်ချိန်
အဲ့ဒီအထဲမှာ စစ်အာဏာရှင်အဆက်ဆက် စစ်အာဏာတည်မြဲရေးအတွက် တလျှောက်လုံး တိုင်းပြည်ကို ချောက်ထဲထိုးချခဲ့တဲ့၊ လူတွေအများကြီးကို အရှင်လတ်လတ် သတ်၊ ရိုက်နှက် နှိပ်စက်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ဦးဆောင်တဲ့ MI စစ်ထောက်လှမ်းရေးတွေ ၂၀၀၃ ခုနှစ်မှာ ထောင်ထဲပြန်ရောက်လာခဲ့တော့ သူတို့ကိုတော့ အဲ့ဒီ ဗိုလ်ဆောင်မှာ မထားဘူး။ မထားဘူး ဆိုတာကလည်း ထောင်ထဲရောက်နေတဲ့သူတွေအထဲက အများစုက သူတို့ ဒုက္ခပေးလိုက်သူတွေ၊ သူတို့ ဖမ်းဆီး ထောင်ချသူတွေ အများကြီးရှိနေတော့ ဗိုလ်ခင်ညွန့်တို့အဖွဲ့ကို အမဲဖျက်ဖို့ စောင့်နေကြလို့ပဲ။ ဒါကြောင့် အဲ့ဒီ စစ်ထောက်လှမ်းရေး အုပ်စုကိုတော့ အင်းစိန်ထောင်မကြီးထဲက အထူးတိုက်ဝန်းမှာ သီးခြား လုံခြုံရေးအပြည့်နဲ့ထားပြီး အမြန်ထောင်ချလိုက်ပြီး မြန်မာပြည်အနှံ့အပြားက ထောင်တွေကို လူခွဲပြီး တန်းရွှေ့ပြောင်းလိုက်ပါတယ်။
သူတို့ထက်အရင်ရောက်လာတဲ့ ဗိုလ်နေဝင်း မိသားစုတွေကိုလည်း ထောင်မကြီးထဲမှာ အထူး သီးခြားဆောက်ထားတဲ့ လုံးချင်းအိမ်ရာလေးမှာထားပြီး Facility အပြည့် ပေးထားတယ်။ အဲ့ဒီ အိမ်လေး ၂ လုံးကို ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး ဆောက်ထားတာလို့ ပြောကြတာလည်းရှိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းချခံလိုက်ရပြီး ဗိုလ်နေဝင်း မိသားစုက အဲ့ဒီ လုံးချင်းအိမ်တလုံးကို ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဗိုလ်နေဝင်း မိသားစုတွေ ထောင်ဝင်စာထွက်ရင် အဲ့ဒီလုံးချင်းအိမ်လေးကနေ ထောင်ဝင်စာနေရာကို လန်ခရူဇာ ကားလေးနဲ့ ထောင်ဝင်စာလာရတာ။ ထောင်ထဲမှာ ကားစီးခွင့်ရှိခဲ့တဲ့ တယောက်တည်းသော မိသားစုပါ။ ဗိုလ်နေဝင်းကတော့ ထောင်ထဲ ရောက်မလာပါဘူး။ အိမ်အကျယ်ချုပ်နဲ့ကျန်ခဲ့ပြီး သူ့သမီး မိသားစုတွေ အကုန် ထောင်ထဲ ပြန်ရောက်လာခဲ့ကြတာပါ။
စစ်တပ်က မြန်မာပြည်ရဲ့ တခုတည်းသော အခွင့်ထူးခံ လူတန်းစားတရပ်အဖြစ် နေရာတိုင်းမှာ သူတို့ပဲ နေရာယူထားလျက်။
ဘညို