Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့  ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
December 16, 2023
Nat 16122023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၁၅ ရက် မနက်က ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မနေ့ မနက် ၇ နာရီ ၄၄ မိနစ်လောက်က ရဲစခန်းကနေ အင်အား ၂၅ ယောက်လောက်နဲ့  စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကွင်းစမ်းသင်္ချိုင်းကုန်း အရောက်မှာ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ (၂) Phoenix DF ရဲဘော်တွေက  ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့   တပ်ခွဲ ၂ Phoenix DF  တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် မနက် ၁၁ နာရီ ၄၈ မိနစ်မှာလည်း ကွင်းစမ်းရွာအရှေ့ထိပ် ဧက ၁၀၀ ကျွန်းခင်းမှာလည်း စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်သေဆုံး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပေမဲ့ ဒီ အရေအတွက်နဲ့ပတ်သက်ပြီး  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး သေဆုံးသူတွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ထော်လာဂျီနဲ့ ကွင်းကျယ်ဆေးရုံသို့  သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က  ပြောပါတယ်။

အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ပြီး ကျန်ရှိအင်အားနဲ့ ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  ကွင်းစမ်းရွာအရှေ့ထိပ် ကျွန်းခင်းမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိသလို တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေဟာ ပဲခူးရိုးမထဲကို  အဆက်မပြတ်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်လို့  ပြည်သူတွေအနေနဲ့  စစ်အုပ်စုအနီးမှာ နေထိုင်တာ၊ အတူခရီးအတူသွားလာတာ၊ ဆက်ဆံတာတွေကို ရှောင်ရှားကြဖို့ PDF က အသိပေးထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024