ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက စက်သုံးဆီအရောင်းဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်သုံးဆီ အရောင်းဆိုင်တွေကို လိုက်လံစစ်ဆေးပြီး အမှတ် ၁ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင်က ပစ္စည်းတွေကို သိမ်းဆည်းကာ ဆိုင်ပိုင်ရှင် အမျိုးသားကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက" မြို့ထဲမှာ စက်သုံးဆီဆိုင်တွေကို ရဲတွေက လိုက်စစ်တယ်။ ကျုံပျော်လမ်းထဲက စက်သုံးဆီ အရောင်းဆိုင်ကို ဝင်စစ်ဆေးရင်းနဲ့ ပစ္စည်းတွေ သိမ်းပြီး ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းသွားတယ်။ လိုင်စင်မရှိဘဲ စက်သုံးဆီရောင်းလို့ဆိုပြီး ဖမ်းတာ"လို့ ပြောပါတယ်။
စက်သုံးဆီ ရောင်းချနေတဲ့ ဆိုင်ရှင် ဦးသိန်းဝင်းကို လိုင်စင်မရှိပဲ စက်သုံးဆီ ရောင်းချမှုနဲ့ ဖမ်းဆီးပြီး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းကာ ကျောင်းကုန်းမြို့မရဲစခန်းက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျုံပျော်မြို့နယ်ကျွဲကူးဆိပ်ကျေးရွာက စက်သုံးဆီရောင်းချနေသူ အမျိုးသမီး တ ဦးနဲ့ တာဦးကျေးရွာက ရွှေတာဦးစက်သုံးဆီဆိုင်က အမျိုးသား တဦးတို့ကိုလည်း လိုင်စင်မရှိပဲ စက်သုံးဆီ ရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပြီး စက်ဆပ်ပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။
မြန်မာနိုင်ငံ တဝန်းမှာ စက်သုံးဆီ ရှားပါးမှု ရင်ဆိုင်နေကြရပြီး ဧရာဝတီတိုင်းရှိ မြို့နယ်တွေမှာလည်း စက်သုံးဆီ အရောင်းဆိုင်တွေ စက်သုံးဆီ ပြတ်လပ်နေတဲ့အတွက် ရောင်းဝယ်တာ ရပ်နားထားရပါတယ်။