Home
နိုင်ငံတကာ
အယ်လ်ဂျာဇီးရားသတင်းဌာန၏ ကင်မရာသမား ၁ ဦး ဂါဇာတွင် သေဆုံး
DVB
·
December 16, 2023

အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ ကင်မရာသမား တယောက်ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၁၅ ရက်က သေဆုံးသွားခဲ့ကြောင်း အာရပ်အသံလွှင့်ဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားပါတယ်။

ကင်မရာသမား ဆမားအဘူဒက်ကာဟာ စာသင်ကျောင်းတကျောင်း ဗုံးကြဲခံရတဲ့သတင်း ရိုက်ကူးရေးလုပ်နေတုန်း လုပ်ဖော်ကိုင်ဖက်တဦးနဲ့အတူ ဒဏ်ရာရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးရားက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဂါဇာတောင်ပိုင်း ခန်းယိုနစ်စ်မြို့ရှိ ဒရုန်းယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ သတင်းထောက်တွေကို ထိမှန်ခဲ့ကြောင်း အယ်လ်ဂျာဇီးရားမှ ပြောကြားခဲ့ပါတယ်။

ဂါဇာရှိ အလ်ဂတ်သတင်းဌာနရဲ့ တီဗီသတင်းထောက် အီဘရာဟင်မ်ခါနန်က “ဒါဟာ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုဖြစ်ပြီး တိုက်ရိုက်ပစ်မှတ် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပထမဆုံး ဒုံးကျည်က ဆမားကို ထိမှန်သွားတော့ သူဟာ မီတာ ၂၀၀ အကွာအဝေးထိ တွားသွားဖို့ ကြိုးစားခဲ့ပေမဲ့ အစ္စရေး စစ်လေယာဉ်တွေက သူ့ဆီ ထပ်ပြီး တိုက်ရိုက်ပစ်ခတ်ခဲ့တာကြောင့် သူ့ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက အစ္စရေးရဲ့ သိမ်းပိုက်မှု ရာဇ၀တ်မှုတွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေတဲ့ သတင်းထောက်တွေနဲ့ မီဒီယာသမားတွေကို နေ့ရောညပါ တိုက်ခိုက်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတစ်ခုပါ လို့လည်း ဆိုပါတယ်။

သတင်းသမားတွေအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာသတင်းထောက်များသမဂ္ဂနဲ့ အာရပ်ဂျာနယ်လစ်များသမဂ္ဂတို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့ အရေးတကြီး စွက်ဖက်သင့်တယ်လို့လည်း ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အဘူဒက်ကာကို ကုသမှုခံယူဖို့ မရောက်ရှိနိုင်ခဲ့ပဲ သူ့ရုပ်အလောင်းကိုပဲ ကောက်ယူနိုင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပါလက်စတိုင်းဂျာနယ်လစ်များအဖွဲ့ရဲ့ အဆိုအရ ဂါဇာမှာ အောက်တိုဘာ ၇ ရက်မှစပြီး အစ္စရေးရဲ့ တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ရိုက်ထိမှန်မှု ဒါမှမဟုတ် သွယ်ဝိုက်တဲ့ ထိမှန်မှုတွေကြောင့် သေဆုံးသွားတဲ့ သတင်းထောက်  အယောက် ၉၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024