ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်တွေဟာ အစ္စရေးနိုင်ငံဆီ ဦးတည်သွားနေတဲ့ သင်္ဘောနှစ်စင်းကို ရေတပ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်နဲ့ မဟာမိတ် ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဒီသင်္ဘောနှစ်စင်းရဲ့ နာမည်ဟာ MSC အလန်ယာနဲ့ MSC ပါလာတီယံ သရီးဖြစ်တယ်လို့လည်း ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာဟယာစရီယာက ပြောပါတယ်။
စရီယာက ဆာနာမြို့တော်မှာ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲအတွင်း ခုလို ပြောခဲ့တာပါ။
သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဂါဇာမှာရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ပါလက်စတိုင်းနဲ့ ယီမင် အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
ဟူသီတွေက ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံ ပင်လယ်နီထဲက သင်္ဘောတွေကို တိုက်ခိုက်နေတာကို ဂျာမန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘောက်ထ်ကပြောပါတယ်။
ပင်လယ်နီထဲက ကုန်သည်သင်္ဘောတွေကို ဟူသီတွေက တိုက်ခိုက်နေတာ ချက်ချင်းရပ် ရမယ်လို့ ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒယ်လာဟူ ဘူဘာဟီဘင်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
ဂျာမန်သင်္ဘောကုမ္ပဏီ ဟာပက်ဂ် လွိုက်ဒ်ပိုင်တဲ့သင်္ဘောကို တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဘယ်ယာဘောက်ထ်က ခုလို ဖြေကြားလိုက်တာပါ။
ဒိန်းမတ်သင်္ဘောကုမ္ပဏီ A.P. မေလာမက်ခ်စ်ကတော့ ပင်လယ်နီကနေ တဆင့် ကုန်သေတ္တာ တင်ပို့မှုအားလုံးကို ခဏရပ်ထားမယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။
"မနေ့က မက်ခ်စ်ဂျီဘရော်တာသင်္ဘော ပါ၀င်တဲ့ လွဲချော်လုနီးပါးအဖြစ်အပျက်နဲ့ ဒီနေ့ ကုန်သေတ္တာသင်္ဘောကို နောက်တကြိမ် တိုက်ခိုက်မှုအပြီးမှာ ဘာ့ဘ်အာလ်မန်းဒက်ဘ် ရေလက်ကြားကို ဖြတ်သန်းမယ့် မက်စ်ခ်သင်္ဘောအားလုံးကို နောက်တကြိမ် အသိပေးစာ မထုတ်မချင်း သူတို့ရဲ့ ခရီးစဉ်ကို ခဏရပ်ထားဖို့ ညွှန်ကြားထားပါတယ်"လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မက်စ်ခ်ဂျီဘရော်တာသင်္ဘောဟာ အိုမန်နိုင်ငံ စာလာလာဆိပ်ကမ်းကနေ ဆော်ဒီအာရေဗျနိုင်ငံ ဂျဲ့ဒါ မြို့ဆီ ခုတ်မောင်းနေတုန်း ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသားတွေနဲ့ သင်္ဘောတွေ ဘေးကင်းကြောင်း သတင်းပို့ခဲ့ကြတယ်လို့ မတ်စ်ခ်က ပြောပါတယ်။
သောကြာနေ့ အစောပိုင်းမှာ ယီမင်နိုင်ငံဆီသွားနေတဲ့ မတ်စ်ခ် သင်္ဘောကို ပြည်သူ့စစ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ယီမင်အခြေစိုက် အီရန်မဟာမိတ် ဟူသီလှုပ်ရှားမှု အဖွဲ့ရဲ့ ပြောဆိုချက်ကို မတ်စ်ခ်က ငြင်းပါတယ်။
သင်္ဘောကို မထိဘူးလို့လည်း မတ်စ်ခ် ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို အီးမေးလ်နဲ့ ထုတ်ပြန်ချက်ပေးပို့ခဲ့ပါတယ်။ ဟူသီတွေကတော့ မတ်စ်ခ် ကွန်တိန်နာတင်သင်္ဘောကို မောင်းသူမဲ့လေယာဉ် တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပေမဲ့ ဟူသီတွေက သက်သေအထောက်အထား တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပါဘူး။
ပင်လယ်နီ တောင်ပိုင်းနဲ့ အေဒင်ပင်လယ်ကွေ့က ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိတယ်လို့ မတ်စ်ခ် ကုမ္ပဏီက ပြောပါတယ်။
မကြာသေးမီက ဒေသတွင်းမှာ စီးပွာရေးဆိုင်ရာ သင်္ဘောတွေကို တိုက်ခိုက်တာတွေက စိုးရိမ်စရာ ကောင်းပြီး သင်္ဘောသားတွေရဲ့ လုံခြုံရေးကို သိသိသာသာ ထင်ထင်ရှားရှား ခြိမ်းခြောက်နေတယ်လို့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။
Source/Photo - Reuters