မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာတော့ ဖြူခါပြာခါကျတယ်ဆိုတဲ့ စကားကို "ရှိသမျှ ကုန်ပျောက်သည်။ ဆင်းရဲသည်။ မိဘက ဆင်ပေးထားသည် လက်ဝတ်လက်စားများ ဖြူခါဖြာခါ ကျတော့သည်" လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ဒီကနေ့ စစ်ဓားမြဂိုဏ်းရဲ့ ဖြစ်အင်ဟာလည်း ဖြူခါပြာခါကျလာရင်း ပုံးခေါက် ခွက်မှောက် ကုန်းကောက်နေရကို မြင်တွေ့ကြရပါတယ်။
တနိုင်ငံလုံးက တိုင်းရင်းသားပြည်သူလူထုအများစုရဲ့ ဝိုင်းဝန်းဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရရင်း အာဏာလု ၃ နှစ်အတွင်း ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်ခဲ့ရတဲ့ စစ်ဓားပြတပ်ဟာ အဘက်ဘက်မှာ ဖြူခါပြာခါကျလာခဲ့ရပါတယ်။ စီးပွားရေးကဏ္ဍမှာဆို ဝင်ငွေ ရပေါက် ရလမ်းတွေ အကုန်ပိတ်ဆို့ခံခဲ့ရတာမို့ ဖြူခါပြာခါကျပြီး ဒေါ်လာငွေ ပြတ်လပ်လာတဲ့အတွက် ဆာလောင်နေတဲ့ တစ္ဆေသူရဲတကောင်လို ပုံးခေါက် ခွက်မှောက် လိုက်ကောက်နေရတာ မဟုတ်လား။
သူတို့ အခြေအနေက အတော်ဆိုးသွားပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်အကြမ်းဖက်ကောင်စီခန့် မြန်မာအလုပ်သမားဝန်ကြီးဟာ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ မဖြစ်မနေ ငွေလွှဲဖို့ မရှက်မကြောက် ပြောသွားခဲ့ပါတယ်။
မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမုန်တိုင်းက "ကျနော်တို့ အနေနဲ့ကတော့ မတော်မတရားလာတယ်၊ ကုပ်သွေးစုပ်တယ်ပဲ မြင်တယ်။ ပြည်သူတွေကို မကြည့်ဘဲ ထိုင်းထဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေ ဘယ်လို ဒုက္ခရောက်နေလဲ၊ ဘယ်လို ကူညီပေးရမယ် မတွေးဘူး။ ပြည်သူကို ဘယ်လို သတ်လို့ရမလဲ ဘယ်က အခွန်ငွေ ကောက်လို့ရမယ်ဆိုတာပဲရှိတယ်။ ကျနော်တို့ အနေနဲ့က လုံးဝရှုတ်ချတယ် သူတို့ကို" လို့ ဒီဗွီဘီကို ပြောခဲ့ပါတယ်။
ဖြူခါပြာခါကျလာတာကို ညွှန်ပြနေတဲ့နောက်ထပ် သာဓကတခုကတော့ စစ်ဓားပြဂိုဏ်း ပြည်ထဲရေးဝန်ကြီးရဲ့ တိုက်ရိုက်အမိန့်အရ သေနတ်နဲ့ချိန် ဘီယာရောင်းတယ်ဆိုတာပါပဲ။ အာဏာလုမှု စတင်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာပဲ ပြည်သူလူထုရဲ့ သွေးစွန်းငွေဖြတ်တောက်ရေး၊ စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲရေး၊ မရောင်းရေး၊ မဝယ်ရေး လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း ပိုအားကောင်းလာတာမို့ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေရောင်းအား ၇ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။
အဲ့ဒီအခါမှာ ကြံရာမရတော့ဘဲ လက်နက်အားကိုး ဗိုလ်ကျတဲ့ဓလေ့အထုံ ဂျွတ်တက်နေတဲ့ စစ်အာဏာရှင်တွေဟာ စစ်ဓားပြပီပီ အတင်းအဓမ္မဆိုင်တွေမှာ လိုက်တင်ခဲ့ခိုင်းပြီး မြန်မာဘီယာ မရောင်းတဲ့ ဘီယာဆိုင်တွေကို အနည်းဆုံး ဒဏ်ငွေ ကျပ် ၁ဝ သိန်းနီးပါး ဆောင်ခိုင်းခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာ တရုတ်တန်းက ၁၉ လမ်းထဲကို ဓားပြတပ်နဲ့ စစ်ကျွန် စည်ပင်အဖွဲ့တွေ ဝင်လာပြီး ဘီယာဆိုင်တွေကို သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းဖို့ ခြိမ်းခြောက်ခဲ့တဲ့သတင်းကို ဖတ်ခဲ့ရတဲ့အခါမှာတော့ နောင်တခေတ်ရဲ့ အောင်စစ်သည်တို့ လုပ်တတ်တဲ့စီးပွားရေးဗျူဟာဆိုတာ သေနတ်နဲ့ချိန် ဘီယာရောင်းတာကိုးလို့ ပြည်သူတွေက ရယ်ပွဲဖွဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။
နောက်တခါ မဟာမိတ်ညီနောင်သုံးဖေါ်နဲ့ PDF တွေအပါအဝင် KIA၊ KNDF၊ KNU ၊ CNF နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ ၊ ၁၁၂၇ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဆိုတဲ့ ပြင်းထန်တဲ့ထိုးစစ်တွေကြောင့် စစ်အင်အားပြန်းတီးမှုအလွန်ကြီးးမားလှတဲ့ စစ်ဓားပြဂိုဏ်းဟာ ထောင်ကျနေတဲ့ တပ်ပြေးတွေ ရဲပြေးတွေကိုလည်း ထောင်ထဲကလာထုတ်ယူပြီး ရာထူးတိုး ပြန်ခေါ်သွားခဲ့ရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေထောင်မှ ရဲပြေးနဲ့ စစ်ပြေး အပါအဝင်အကျဥ်းသား ၁၀၀ ကျော်ကို မျက်နှာဖုံးစွပ်ပြီး စစ်မှုပြန်ထမ်းဆောင်ဖို့ ခေါ်ထုတ်သွားခဲ့ပါတယ်။ အာဏာလု တပ်မတော်ရဲ့ အက်ဥပဒေပုဒ်မ-၁၈၂၊ ပုဒ်မခွဲ(က)ကို အသုံးချပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနိုင်ငံလုံးမှာ ထောင်ကျနေတဲ့ စစ်သားရဲသားတွေကို တပ်အင်အားဖြည့်ဖို့ ဇွတ်လွတ်ငြိမ်းခွင့်ပေးလို့ တဆင့်တိုးရာထူးနဲ့ စည်းရုံးကာ လက်နက် တပ်ဆင်ပေးပြီး ပြန်လည်စစ်မှုထမ်းခိုင်းခဲ့တာပါပဲ။
နိုင်ငံကိုဆက်လက်ဖျက်ဆီးဖို့၊ ပြည်သူကိုအာဃာတအငြိုးကြီးစွာ သတ်ဖြတ်ဖို့နဲ့ သူတို့အတွက် အသေခံခိုင်းဖို့ ခေါ်သွားတဲ့တပ် ပြေးအများစုဟာ တမ၃၇(၁)၊ တမအ၆၅၊ တမအ-၇၁/ရာ၃၂၄၊ တမအ-၆၅/၄၇(၂) တွေက ဖြစ်ပြီး စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှု၊ မူးယစ်မှုစတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ကြပါတယ်။
အခုအချိန် တပ်သားသစ်စုဆောင်းရာမှာ ကျပ်သိန်း ၃၀ အထိ မက်လုံးပေးခေါ်နေပေမဲ့ သေမှာ သိနေကြတော့ ဓားပြတပ်ထဲဝင်သူမရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ အရာရှိ၊ ဓားပြစစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးတွေကို စစ်သင်တန်းလာရ ပါတယ်။
ဒီနှစ် နိုဝင်ဘာလကုန်ကစပြီး အမှတ် ၁၁၊ ၃၃၊ ၄၄၊ ၈၈၊ ၉၉ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းနဲ့ ခြေလျင်တပ်ရင်းမှ အရာရှိစစ်သည်တွေရဲ့ ဇနီးတွေကို အခြေခံစစ်သင်တန်း၊ သေနတ်ပစ်သင်တန်းတွေကို သင်တန်းပေး တပ်ရင်းတပ်ဖွဲ့ ၂၀ ကျော်ပြီလို့ ဒီဗွီဘီ သတင်းမှာ ဖတ်ခဲ့ရပါတယ်။
အခုနောက်ဆုံး ဒီဇင်ဘာ ၁၀ ရက်သတင်းထဲမှာ စစ်ဓားပြတပ်က ဂုဏ်သိက္ခာမဲ့စွာ ငရဲမကြောက်၊ သံသရာဘေးမကြောက် ကျုးလွန်လာတဲ့အကုသိုလ်ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံ အပါအဝင် တန်ခိုးကြီးဘုရား နှစ်ဆူရဲ့ ပြည်ပခရီးသွားဧည့်သည်တွေထံက ဘုရားစေတီ ဝင်ကြေးအဖြစ် အလှူခံရထားတဲ့ အမေရိကန်ဒေါ်လာတွေ၊ အများပြည်သူရဲ့ လှူဒါန်းငွေအပါအဝင် ဘဏ်အပ်ထားတဲ့ အမေရိကန်ဒေါ်လာအနည်းဆုံး သန်း ၂၀ ကျော်ကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ တွက်ပြီး ကျပ်ငွေတွေသာ ပြန်ထုတ်ပေးပြီး လုယက်ခဲ့တဲ့ ဓားပြမှု ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ ပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ဓားပြဂိုဏ်းရဲ့ အခြေအနေဟာ ကဏ္ဍအသီးသီးမှာ ရှုံးနိမ့်လာရတာမို့ ဖြူခါပြာခါကျလာရင်း ပုံးခေါက်ခွက်မှောက် ကုန်းကောက်နေတဲ့ သူတောင်းစား တပ်မတော်အဆင့်ကို ရောက်လို့လာပါပြီ။ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ လုပ်ခ လစာ ၂၅ ရာခိုင်နှုန်းကို ဓားပြတိုက်လာရတာ၊ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေ သေနတ်နဲ့ချိန်ပြီး ဇွတ်ရောင်းခိုင်းရတာ၊ ထောင်ကျနေတဲ့ စစ်ပြေး၊ ရဲပြေးတွေကို ဇွတ်လွတ်ငြိမ်းခွင့်ပေးလို့ တဆင့်တိုးရာထူးနဲ့ စည်းရုံးကာ လက်နက်တပ်ဆင်ပေးပြီး ပြန်လည် စစ်မှုထမ်းခိုင်းခဲ့တာ၊ နောက်တန်းမှာကျန်ရစ်ခဲ့တဲ့ အရာရှိ၊ ဓားပြစစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးတွေ စစ်သင်တန်းတက်ရတာ၊ နောက်ဆုံးရန်ကုန်မြစ်ထဲမှာ တံငါသည်တွေဆီက အခွန်လိုက်ကောက် ပိုက်ဆံတောင်း၊ ရွှေတိဂုံဘုရားနဲ့ တခြားဘုရားတွေအတွက် လှူဒါန်းထားတဲ့ အလှူငွေတွေကို ဖြတ်ခုတ်ဓားပြတိုက်တာစတဲ့ အဖြစ်အပျက်တွေဟာ မြန်မာစစ်တစ္ဆေကြီးတွေ ဖြူခါပြာခါကျလာရင်း ပုံးခေါက်ခွက်မှောက် ကုန်းကောက်လာရတာမို့ ကြံရာမရတာမို့ မကောင်းမှု အပေါ် မကောင်းမှုတွေဆင့်ကဲလို့ ဇာတ်သိမ်းခန်းနီးလာပြီဆိုတာ ညွှန်ပြနေတဲ့ ပြဒါးတိုင်များ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်