ဖင်လန်နိုင်ငံဟာ ခိုလှုံခွင့်တောင်းခံသူတွေ ဝင်ရောက်လာမှုကို ရပ်တန့်ဖို့ ရုရှားနဲ့ထိစပ်နေတဲ့ သူ့နယ်စပ် တလျှောက်လုံးကို ထပ်ပြီး ပိတ်ပစ်လိုက်တော့မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မာရီ ရံတနန်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
နယ်စပ်ပိတ်မှုအသစ်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၆ နာရီမှာ စတင်မှာဖြစ်ပြီး အချိန် ၁ လတာ ကြာမြင့်မှာဖြစ်ကြောင်း ဝန်ကြီးကပြောပါတယ်။
နောဒစ်နိုင်ငံဟာ ၂ နိုင်ငံကြားရှိ လမ်းအားလုံးကို နှစ်ပတ်ကြာ ပိတ်ထားမှုကို ဖြေလျှော့ပေးပြီးနောက် နာရီပိုင်းအကြာမှာပဲ ခုလိုကြေညာလိုက်တာပါ။
ဝန်ကြီး မာရီရံတနန်က“ဖင်လန်နိုင်ငံ အရှေ့ဘက်နယ်စပ်မှာ တရားမဝင် ဝင်ရောက်မှုဟာ ချက်ချင်းဆိုသလို ဆက်ဖြစ်ပွားတာပါ။ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ မြန်မြန်ဆန်ဆန်ကို တိုးလာနေပြီး ခန့်မှန်းထားတာထက် အရှိန်မြှင့်လာနေပါတယ်။ မနက်ပိုင်းမှာ ဗာလီမားနဲ့ နီးရာလာ နယ်စပ်ဂိတ်တွေကနေတဆင့် ဖင်လန်နိုင်ငံကို လူ ဒါဇင်ပေါင်းများစွာ ရောက်ရှိနေပါတယ်”လို့ပြောသွားပါတယ်။
အခြေအနေတွေ ပိုဆိုးလာမှာကိုလည်း အစိုးရက ပြင်ဆင်ထားပြီး၊ နယ်စပ်ဂိတ်တွေ ပိတ်ပြီးလို့ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဆက်ထိန်းထားမယ်လို့လည်း အရင်တုန်းကလည်း ပြောထားပြီးသားပါ လို့ ဆိုပါတယ်။
နိုဝင်ဘာလနှောင်းပိုင်းမှာ ဖင်လန်နယ်စပ်ကို ပိတ်လိုက်တဲ့အခါ ဝင်ရောက်မှု ရပ်တန့်သွားခဲ့ပေမဲ့ နယ်စပ်ဂိတ် ၈ ခု ထဲက ၂ ခုကို ကြာသပတေးနေ့မှာ ပြန်ဖွင့်ခဲ့ချိန် ခိုလှုံခွင့် တောင်းခံသူ ၃၆ ဦးလောက်ရှိကြောင်း ဖင်လန် နယ်ခြားစောင့်တပ်က ပြောပါတယ်။
အမေရိကန်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မယ့် နော်ဒစ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံမှတဆင့် ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေဟာ လတ်တလော မြင့်တက်လာမှုဟာ မော်စကိုရဲ့ကြိုးကိုင်မှုဖြစ်ကြောင်း ဖင်လန်အစိုးရက ပြောကြားခဲ့ပေမဲ့ ရုရှားအစိုးရက ဒါကိုငြင်းဆိုပါတယ်။
ဥရောပကောင်စီက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့စာမှာ နယ်စပ်ကို ယာယီပိတ်လိုက်ပြီးနောက်မှာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးတွေကို စိတ်ပူမိပြီး အကာအကွယ်ရယူနိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖင်လန်ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဝန်ကြီးကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အကြောင်းမရှိကြောင်းနဲ့ တခြားအဝင်ဂိတ်တွေမှာ ခိုလှုံခွင့်တောင်းခံနိုင်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters