ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် လူငယ်တွေပါ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဝိုင်းမော်မြို့နယ်မှာ အသက် ၁၈ နှစ်အောက် လူငယ်၊ အမျိုးသား၊ အမျိုးသမီးတွေဟာ WY စိတ်ကြွဆေးပြား၊ ဘိန်းဖြူသုံးစွဲမှု ပိုမိုများပြားလာတာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဝိုင်းမော်မှာက စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေး သုံးတဲ့အထဲ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပိုများလာတယ်။ အရင်က အသက်မပြည့်သေးတဲ့ လူငယ်တွေ မူးယစ်ဆေးသုံးတာ ခုလောက်ထိ မများဘူး။ ခုနောက်ပိုင်း အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပါ ပါလာတယ်။ အဓိက အသုံးပြုကျတာကတော့ WY ဆေးပြားနဲ့ No.4 အသုံးများကြတယ်။”
လူငယ်တွေ မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့တွေက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူတာမရှိပါဘူး။
ဒေသခံ အမျိုးသားတစ်ဦးက“မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာတွေက ဖမ်းတာဆီးတာ သိပ်မရှိတော့ဘူး။ ညနေပိုင်းဆို ရဲစခန်းအနီးတဝိုက်မှာတင် မူးယစ်ဆေး ရောင်းဝယ်တာတွေ ပြုလုပ်နေကြတာ။ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နဲ့ နယ်ထိန်းတပ်ဖွဲ့တွေကလည်း လိုင်းကြေးရနေတော့ မဖမ်းတော့ဘူး” လို့ ပြောပါတယ်။
ကချင်ပြည်နယ် မြို့နယ်တချို့မှာ စစ်အာဏာမသိမ်းမီ ကာလက လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာတွေ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။