တောင်ကိုးရီးယားနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသတွေမှာ ဒီဇင်ဘာ ၁၅ ရက်က ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်ခဲ့လို့ ဒေသဆိုင်ရာ အစိုးရတွေဟာ ဆီးနှင်းတွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ကြကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဂန်ဝန်းဒိုပြည်နယ်ရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်း တောင်တန်းဒေသတွေအပြင် ထဲဘတ်၊ ဟွာချွန်း၊ အင်ဂျယ်ဂွန်မြို့တွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်နိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း ကိုရီးယား ယွန်ဟက်ပ် ရုပ်သံသတင်းက ထုတ်လွှင့်ပါတယ်။
ယွန်ဟက်ပ် ရုပ်မြင်သံကြားက ဗီဒီယိုဖိုင်ထဲမှာ မြို့တွေနဲ့ တောင်တန်းတွေကို နှင်းထုတွေ ဖုံးလွှမ်းနေပြီး forklift ကားတွေနဲ့ နှင်းတူးထယ်တွေကို အသုံးပြုပြီး လမ်းတွေပေါ်ရှိ နှင်းတွေကို ဖယ်ရှားနေပုံတွေကို ပြသခဲ့ပါတယ်။
တောင်ကိုးရီးယားနိုင်ငံ မြောက်ပိုင်းဂန်ဝန်းဒိုပြည်နယ်မှာ အအေးလှိုင်း ရိုက်ခတ်ပြီးနောက် ဒီဇင်ဘာ ၁၅ ရက် သောကြာနေ့မှာ အေးခဲနေတဲ့ သစ်ပင်တွေ တဒါဇင်ကျော်လောက် ပြိုကျပြီး လမ်းတွေကို ပိတ်ဆို့ကုန်ပါတယ်။
ဟင်းင်ဆုန်း မီးသတ်စခန်းရဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေထဲမှာ ကယ်ဆယ်ရေးသမားတွေဟာ ဟင်းင်ဆုန်းနဲ့ ဂန်ဝန်းဒို ပြည်နယ် နယ်နိမိတ်ရှိ လမ်းပေါ်က သစ်ပင် ၁၃ ပင်ကို ခုတ်လှဲဖယ်ရှားနေတာကို ပြသထားပါတယ်။ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မီးသတ်ဌာနက ပြောပါတယ်။
မနေ့ညနေ ၄ နာရီအထိ ဂိုဆန်းမှာ နှင်းထုက ၁၀ လက်မခွဲနဲ့ နှင်းကျဆင်းမှု အများဆုံးဖြစ်ခဲ့ပါတယ်။
ဂန်ဝန်းဒိုပြည်နယ်ရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်း တောင်တန်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက် စနေနေ့ နှင်းထု ၁၁ ဒသမ ၈ လက်မ အထိ နှင်းကျနိုင်ဖွယ်ရှိကြောင်း ယွန်ဟက်ပ် သတင်းမှာ ဖော်ပြထားပါတယ်။ ဆိုးလ်မြို့မှာလည်း အပူချိန်က သုညအောက်ကို ကျဆင်းသွားကြောင်း ကိုရီးယား မိုးလေဝသ စီမံခန့်ခွဲရေးမှ သိရပါတယ်။
Source/Photo - Reuters