Home
မြန်မာသတင်း
မြိုင်တွင် စစ်သားအချို့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ စစ်တပ်ဗုံးကြဲသဖြင့် ဆိပ်ဖြူဒေသခံ ၂ ဦးသေဆုံး
DVB
·
December 15, 2023
pdf_15122023

မကွေးတိုင်း မြိုင်မြို့မှာ ဒီဇင်ဘာ ၁၅ ရက် ညနေက ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

မြိုင်မြို့အစွန်က စပျစ်ခြံနားမှာ စစ်ကောင်စီတပ်သား ၇ ယောက် ကင်းပုန်းဝပ်နေတယ်လို့ သတင်းရရှိတာကြောင့် ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက DVB ကို ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁၃ မိနစ်လောက်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့ပြီး မြိုင်မြို့ထဲကနေ စစ်ကူတွေလိုက်လာတာကြောင့် လက်နက်ခဲယမ်းတွေ မကောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖရဲ့ တပ်ခွဲတခုဖြစ်တဲ့ ဗိုလ်လင်းမြွေအဖွဲ့က ဦးဆောင်ကာ မြိုင်အနောက်ပိုင်းဇုန် ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် မနက်ကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက်သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် သံပုရာပင်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ရေခပ်သွားနေတဲ့ အမျိုးသမီးနှစ်ဦး  ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မြေပြင်မှာဘာတိုက်ပွဲမှမရှိပါဘူး၊ စစ်တပ်လာကြဲတဲ့အချိန် အမျိုးသမီးနှစ်ယောက်က ရေသွားခပ်နေတာ၊ သူတို့နဲ့တည့်တည့်ကျပြီး သေသွားတယ်။ အလောင်းကတော့—တွေ ထွက်ပြီး တော်တော်ဆိုးတယ်။ ပေါင် ၅၀၀ ဗုံးဆိုတော့ ချခံရတဲ့နေရာမှာ မြေကြီးတော်တော်ခွက်သွားတယ်" လို့ ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲမရှိဘဲ လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့တာဖြစ်ပြီး မူလွန်ကျောင်း ခေါင်းရင်းလက် လမ်းဆုံမှာ ၁ လုံးနဲ့ ကျောင်းရှေ့လမ်းဆုံမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

"သေတဲ့သူတွေက ကလေးမိခင်တွေပါ။ သူတို့သေတော့ ကလေးငယ်တွေ ကျန်ခဲ့တယ်။ ကလေးတွေက ငါးနှစ်အောက်အရွယ်တွေပါ၊ ငယ်သေးတယ်။ ခုတော့ ကလေးအဖေတွေတော့ ​ကျန်ပါသေးတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲပြီးနောက် ယောချောင်းနားက ရေခပ်နေတဲ့ လူစုကို တွေ့သွားပြီး စက်သေနတ်နဲ့ ပစ်ခတ်သွားသေးပေမဲ့ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024