ဂိုင်ယာနာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ ရေနံကြွယ်ဝပြီး အငြင်းပွားနေကြတဲ့ အက်စ်ကွီးဘို နယ်စပ်ဒေသနဲ့ပတ်သက်ပြီး လတ်တလောတင်းမာမှုတွေ တိုးမြင့်လာနေချိန်မှာပဲ ပဋိပက္ခတွေ ထပ်တိုးလာမှုကို ရှောင်ရှားကြဖို့ သဘောတူညီခဲ့ကြကြောင်း စိန့်ဗင်းဆင့်-အန်း-ဂရက်နဒီးန်စ် ကာရစ်ဘီယံကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၄ ရက်မှာ ကျွန်းစုအစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ဂိုင်ယာနာနဲ့ ဗင်နီဇွဲလားတို့ဟာ နိုင်ငံ နှစ်ခုအကြား ရှိပြီးသား အငြင်းပွားမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့်ကိစ္စတွေ အပါအဝင် ဘယ်လို အခြေအနေမျိုးမှာမဆို အချင်းချင်းအပေါ် ခြိမ်းခြောက်တာ ဒါမှမဟုတ် အင်အားသုံးတာမပြုဖို့ သဘောတူညီခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ရက်စွဲပါ ဂျီနီဗာ သဘောတူညီချက် အပါအဝင် နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေရှင်းသွားကြဖို့ သဘောတူညီခဲ့ပါတယ်။
နှစ်နိုင်ငံအတွက် အပြန်အလှန် အရေးကြီးတဲ့ တခြား ဆိုင်းငံ့ထားတဲ့ ကိစ္စရပ်တွေကို ဆက်လက် ဆွေးနွေးဖို့ သဘောတူခဲ့ကြောင်းလည်း စိန့်ဗင်းဆင့်-အန်း- ဂရက်နဒီးန်စ် ကာရစ်ဘီယံကျွန်းနိုင်ငံ ဝန်ကြီးချုပ်က ဖတ်ကြားသွားပါတယ်။
စတုရန်းကီလိုမီတာ ၁၆၀၀၀၀ ရှိတဲ့ အက်စ်ကွီးဘို ဒေသနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေက ဆယ်စုနှစ်ချီ ရှိနေခဲ့ပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိပြီးနောက် မကြာသေးခင်နှစ်တွေအတွင်းမှာ ဗင်နီဇွဲလားဟာ ကမ်းလွန်ပင်လယ်ပြင် အပါအဝင် သူ့ရဲ့ တောင်းဆိုမှုကို ပြန်ပြီးအသက်သွင်းလာခဲ့တာပါ။
ဂိုင်ယာနာသမ္မတ အီဖှန်းအလီ ကလည်း သူ့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဆင်ပြေ ချောမွေ့စေဖို့ အခွင့်အရေးရှိပြီး ဒီအငြင်းပွားမှုကို နိုင်ငံတကာတရားရုံးရဲ့ စီရင်ချက်နဲ့ ဖြေရှင်းရမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source/Photo - Reuters