အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သံသယနဲ့ ဒိန်းမတ်မှာ လူ ၃ ဦးနဲ့ နယ်သာလန်မှာ ၁ ဦးကို ဖမ်းဆီးထားကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်က ပြောကြားလိုက်ပြီး ဒါဟာ နယ်စပ်ဖြတ်ကျော် ရဲတပ်ဖွဲ့ရဲ့ ညှိနှိုင်းအားထုတ်မှုတွေအပြီးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သံသယရှိသူတွေရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ ဆိုတာနဲ့ သူတို့ဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေ ဒါမှမဟုတ် လက်ယာစွန်းအုပ်စုတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိ ဆိုတာတွေတော့ မပြောသေးပါဘူး။
ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင်က“အစ္စရေးနဲ့ ဂါဇာတို့နဲ့ ဆက်စပ်ပြီးတော့ ပဋိပက္ခကို ဒိန်းမတ် လူ့အဖွဲ့အစည်းထဲကို၊ ကမ္ဘာပေါ်က တခြားနေရာတွေကို ယူဆောင်လာတဲ့ ဘယ်သူ့ကိုမှ လုံးဝလက်မခံနိုင်ပါဘူး”လို့ ဘရပ်ဆဲလ်မြို့ရှိ အီးယူခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။
နွေရာသီတုန်းက အစ္စလာမ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဟာ ကိုရမ်ကျမ်းစောင်ရေ အများအပြားကို ဖျက်ဆီးပြခဲ့ပြီးနောက်မှာ ဒိန်းမတ်အပေါ် ခြိမ်းခြောက်မှု ပြင်းထန်လာခဲ့ကြောင်း ဒိန်းမတ် လုံခြုံရေးနဲ့ထောက်လှမ်းရေးတပ်ဖွဲ့ PET က သြဂုတ်လတုန်းက ပြောထားဖူးပါတယ်။
ဒိန်းမတ်-ဂျာမန် စုံစမ်းစစ်ဆေးမှုမှာ ဂျာမန်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦးကို ရော့တာဒမ်မှာ ဒီဇင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့ကြောင်း နယ်သာလန် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒိန်းမတ်ရဲတပ်ဖွဲ့က နိုင်ငံတဝန်းမှာ စီးနင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှုရဲ့ အစောပိုင်းအဆင့်ကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ လာမယ့်ရက်တွေအတွင်း ကိုပင်ဟေဂင်နဲ့ ဂျူးတွေ နေထိုင်ရာဒေသ အနီးတဝိုက်မှာ အင်အား တိုးမြှင့်ချထားမှာဖြစ်ကြောင်း ပြောပါတယ်။
Source/Photo - Reuters