ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို သွားရာက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တာလောကြီးကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ကာ လေယာဉ်နဲ့ ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက“မနက် ၄ နာရီလောက်က ပြည်သူ့စစ်စခန်းကို ကေအိုင်အေက လာပစ်တာ။ ပြည်သူ့စစ်တွေဘက်က ထိခိုက်မှုရှိတယ်။ သေချာတိတိကျကျတော့ မသိသေးဘူး။ ကျနော်တို့လည်း ဘေးလွတ်ရာ ရှောင်နေရတာ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်နေတော့ ကျေးရွာက လူတွေ အတော်များများ ရှောင်နေကြပြီ” လို့ ပြောပါတယ်။
ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ် ရွှေညောင်ပင်ကျေးရွာ ခြေလျင် တပ်ရင်း ခလရ (၃၂၁) ကလည်း တာလောကြီးကျေးရွာဘက်ကို လက်နက်ကြီးနဲ့ အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး လေယာဉ်နှစ်စင်းနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။
တာလောကြီးကျေးရွာ ပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တာလောကြီး တိုက်နယ်ကျေးရွာဟာ အိမ်ခြေပေါင်း ၃၀၀၀ ကျော် တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၇၀၀၀ နီးပါး နေထိုင်ကြပြီး ဧရာဝတီမြစ်ကို မှီခိုကာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။