Home
မြန်မာသတင်း
ရခိုင်တွင် ဘဏ်အပါအဝင် ငွေလွှဲငွေထုတ်လုပ်ငန်းများ ပိုမိုခက်ခဲလာ
DVB
·
December 15, 2023
KBZ Myauk U_15122023

ရခိုင်ပြည်နယ်မှာ ဘဏ်အပါအဝင် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ငွေကြေးထုတ်ယူရာမှာ ပိုမိုခက်ခဲလာနေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီက ဒေသတွင်း ရေလမ်း၊ ကုန်းလမ်းတွေ အကုန်ပိတ်ဆို့ထားတဲ့ ရခိုင်မှာ ငွေကြေး လည်ပတ်မှုတွေဟာလည်း အခက်အခဲဖြစ်လာပြီး ဘဏ်အပါအဝင် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းတွေကနေ ငွေကြေးထုတ်ယူရမှုပိုင်းမှာ အခက်ခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိအခြေနေမှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ K pay၊ Wave Pay တို့ကနေ ငွေကြေးထုတ်ယူမယ်ဆိုရင် ရာခိုင်နှုန်းများများပေးရတဲ့အပြင် ထုတ်ယူလို့ရနိုင်တဲ့ နေရာတွေဟာလည်း မရှိသလောက် နည်းပါးလာတယ်လို့ မြောက်ဦးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းတွေမပိတ်ခင်တော့ ထုတ်ယူတဲ့ငွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ပေးရတာပါ။ ခုကတော့ အနည်းဆုံး ၅ ရာခိုင်နှုန်းလောက်ကို ပေးရတယ်။ တချို့ဆို ၁၀ ရာခိုင်နှုန်းကျော်တောင် ပေးရသေးတယ်။ ခုလိုပေးရလို့ လွယ်လွယ်ကူကူ ထုတ်လို့ရနိုင်တယ်ဆိုရင် အဆင်ပြေပါသေးတယ်။ ခုက ထုတ်ပေးမယ့် နေရာကိုတောင် အတော်စုံစမ်းပြီး လိုက်ရှာနေကြရတယ်။”

ရခိုင်မှာ လမ်းကြောင်းတွေ ပိတ်ဆို့ခံရပြီး နှစ်ပတ်ကျော်လောက်အကြာ ဒေသတွင်းက ဘဏ်တွေမှာ ငွေထုတ်ယူရ မလွယ်ကူတော့တဲ့ အခက်အခဲကို စတင်ကြုံခဲ့ရပြီး နောက်ပိုင်းမှာတော့ ထုတ်ယူတဲ့နေ့ အကန့်အသတ်၊ ပမာဏအကန့်အသတ်နဲ့ပဲ ငွေထုတ်ယူနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

ဘဏ်ကနေ ငွေကြေးထုတ်ယူရမှု အခြေအနေနဲ့ပတ်သက်လို့လည်း ဒေသခံတစ်ဦးက “တစ်ပတ် တစ်ကြိမ် အကန့်အသတ်နဲ့ ထုတ်ပေးတဲ့ ဘဏ်တွေလည်း ရှိတယ်။ ငွေကလည်း ပမာဏနည်းနည်းနဲ့ ထုတ်လို့ရတယ်။  ငွေသွားထုတ်လို့ ရချင်မှ ရတဲ့ဘဏ်တွေလည်း ရှိတယ်။  ဘဏ်ဖွင့်ချိန်က ပုံမှန်မဟုတ်တော့ ကိုယ်သွားထုတ်ချင်တဲ့ အချိန်လည်း သွားထုတ်လို့လည်း မရပြန်ဘူး” လို့ ပြောပါတယ်။

လက်ရှိ‌ ငွေကြေးထုတ်ယူနိုင်မှု ခက်ခဲတဲ့ အခြေအနေတွေဟာ သွားလာရခက်ခဲတဲ့ ကျေးလက်ဒေသနေသူတွေကို ပိုအခက်တွေ့စေပြီး အကျပ်အတည်းပိုဖြစ်စေတယ်လို့လည်း ကျေးလက်ဒေသတွင်း နေထိုင်သူတွေက ပြောကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲစတင်တဲ့နေ့ကစလို့ လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာ ၁ လကျော်လာခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်းမှာတော့ ရခိုင်ဒေသမှာ ငွေကြေးထုတ်ယူရ ခက်ခဲမှု အခက်အခဲအပြင် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပြတ်လပ်မှု အခက်ခဲတွေကိုပါ ထပ်ဆင့်ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024