အစ္စလာမ္မစ် စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ဝင် ၃ ဦးကို ဒီဇင်ဘာ ၁၅ ရက်မှာ ဖက်ဒရယ်တရားရုံးရဲ့ စုံစမ်းစစ်ဆေးရေး တရားသူကြီး ရှေ့မှောက်ကို ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ ဂျာမန် တရားရုံးကနေ သိရပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်ချက်ထဲမှာ ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ စီစဉ်မှု သံသယနဲ့ ဟားမတ်စ်ရဲ့ အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထားကြောင်း ဂျာမန်အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
သံသယရှိသူ ၃ ဦးကို ဘာလင်မှာ ထိန်းသိမ်းထားပြီး တခြားတဦးကိုတော့ နယ်သာလန်မှာ ထိန်းသိမ်းထားကြောင်း အစိုးရရှေ့နေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
နယ်သာလန်နိုင်ငံသား နဇီးအာရ်ကို ရော့တာဒမ်မှာ ရဲတွေက ဖမ်းဆီးခဲ့ပြီး အီဂျစ်နိုင်ငံသား မိုဟာမက် ဘီ၊ လက်ဘနွန်နွယ်ဖွား အဗ္ဗဒလ်ဟာမစ် အိုင်းအေနဲ့ အီဘရာဟင်မ် အလ်အာရ် တို့ကို ဂျာမန်မြို့တော်မှာ ဖမ်းဆီးထားကြောင်း သူတို့က ပြောပါတယ်။
လက်ဘနွန်ရှိ ဟားမတ်စ်ခေါင်းဆောင်တွေက အဗ္ဗဒလ်ဟာမစ် အိုင်းအေကို လက်နက်တွေ စုဆောင်းထားဖို့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်နက်တွေကို ဘာလင်မြို့ကို ယူဆောင်သွားတာဖြစ်ပြီး ဂျူးအဖွဲ့အစည်းတွေကို အကြမ်း ဖက်တိုက်ခိုက်မှု အလားအလာတွေအတွက် အဆင်သင့်ထားရှိထားကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အစွန်းရောက်သွားတဲ့ အစ္စလာမ်ဘာသာဝင်တွေကြောင့် တိုက်ခိုက်မှုဖြစ်နိုင်ခြေ ပိုများလာတယ်လို့ ဥရောပအာဏာပိုင်တွေက သတိပေးထားပါတယ်။
Source/Photo - Reuters