မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ အခုရက်ပိုင်း ပိုများလာတယ်လို့ ဂန့်ဂေါနယ်က ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်က စစ်ကောင်စီလက်အောက်ခံ မြောက်ခင်ရန်းကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၂၀၀ ဝန်းကျင်ရှိပြီး စစ်ဘေးရှောင်တွေကို ဂန့်ဂေါမြို့နယ် ပအဖက တာဝန်ယူ လက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါနယ် ဒုပအဖ တာဝန်ခံဦးစိုးလွင်က “၁၂ ရက်နေ့ကတော့ သူတို့တွေ လယ်ထဲကို စပါးရိတ်လာရင်း ကျနော်တို့ဘက်ကို ပြေးခဲ့တာ အယောက် ၈၀ လောက် ရှိတယ်။ ၁၃ ရက်နေ့ကတော့ သူတို့မြောက်ခင်းရန်းက စစ်ဗိုလ်က လွှတ်ပေးတာတဲ့ ၁၀၀ ကျော် ပြေးခဲ့ကြတယ်။ ရွာထဲကနေ ထွက်ချင်တဲ့သူတွေ ရှိသေးတယ်။ သူတို့ဘက်က မလွှတ်လို့ မလာကြရတာ” လို့ ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်တယ်လို့ သိရပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအတွက် ဂန့်ဂေါမြို့နယ် ပအဖ က ကူညီဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။
လက်ရှိမှာ မြောက်ခင်ရန်းကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပြီလို့ ဂန့်ဂေါပအဖထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျေးရွာတွေမှာ နေထိုင်နေတဲ့ မိဘပြည်သူတွေအနေနဲ့ ကျေးရွာတွင်းကနေ အမြန်ဆုံးထွက်ခွာလာကြဖို့ကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေက ပြောဆိုထားပြီး ထွက်ပြေးလာတဲ့အခါမှလည်း မိမိတို့အဖွဲ့အစည်းတွေက လက်ခံကူညီ ဆောင်ရွက်ပေးထားမယ်လို့ ဆိုပါတယ်။