ပြည်မြို့နယ် ရွာဘဲနယ်မြေ မူရာပင်ရပ်ကွက်က ငွေလွှဲလုပ်ငန်းအား ဓားပြတိုက်ခဲ့တဲ့ တပ်မ ၆၆ မှ ဗိုလ်ကြီးအပါအဝင်နှစ်ဦးအနက် လူငယ်တဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းမိခဲ့ပြီး ဦးဆောင်သူဗိုလ်ကြီးကို ဖမ်းမမိသေးဘူးလိ မြို့ခံတွေဆီက သိရပါတယ်။
"ဓားပြတိုက်ခံရတာ သုခနန်းတော် ငွေလွှဲဆိုင်မှာ။ အဲ့ဆိုင်မှာ သားအမိနှစ်ယောက်တည်း ရှိနေတဲ့အချိန် တိုက်တာ။ အဘွားကြီးရဲ့နားထင်ကို သေနတ်နဲ့ချိန်ပြီး ကောင်လေးကို ထိုးကြိတ်ထားတာ၊ သူ့ဦးလေးနဲ့ အခြားသူတွေ ရောက်လာလို့ ထွက်ပြေးသွားတာ။ စစ်တပ်က ဗိုလ်ကြီးတယောက်နဲ့ အဖော်တယောက် လာတိုက်တာလို့ ပြောတယ်၊ အခုတယောက်မိသွားပြီ။"
သားအမိနှစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် ငွေလွှဲဆိုင်ကို လူတွေရောက်လာချိန် ဗိုလ်ကြီးနဲ့အဖွဲ့မှာ ကားနဲ့ထွက်ပြေးသွားပြီး သားအမိနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးကုသမှုခံယူရတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
သုခနန်းတော်လုယက်ခံရတဲ့ဖြစ်စဥ် ပြစ်မှုကျူးလွန်သူ အေးချမ်မောင်ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Mark II ယာဥ်၊ သေနတ်တလက်၊ ကျည်ဆန်တွေနဲ့အတူ အဲ့ဒီနေ့က စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဗိုလ်ကြီးမြမိုးအောင်ကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကောင်လေးတယောက်မိတယ်။ ဓားပြတိုက်တုန်းကကားရော၊ သေနတ်ရော၊ ကျည်တွေပါ မိတယ်။ ကောင်လေးက ဖော်ပေမဲ့ တပ်က တပ်မ ၆၆ မှာ အဲ့နာမည်နဲ့သူမရှိဘူးလို့ ငြင်းတယ်၊ ဖြစ်တဲ့နေရာက ခလရ ၅၉၅ တပ်နဲ့ စစ်တပ်ကင်းတွေ လုံခြုံရေးယူထားတဲ့ နေရာ။"
လက်တလောမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ ကိုအေးချမ်းမောင်ကို ပြည်မြို့မရဲစခန်းမှ (ပ)၄၇၂/၂၀၂၃၊ပုဒ်မ-၃၉၄/၁၁၄ နဲ့ အရေးယူဆောင်ရွက်ထားပြီး ဦးဆောင်သူ ဗိုလ်ကြီးမှာ လွတ်မြောက်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။