ရန်ကုန်တိုင်းအတွင်း ၆ မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလနဲ့ မင်္ဂလာဒုံမြို့နယ်တွေu ရပ်ကွက် တချို့မှာ ဗုံးပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ သမ္မာစိတ္တ (၁) လမ်းမှာ မနေ့ ည ၆ နာရီ မိနစ် ၅၀ ဝန်းကျင်က ဗုံးပေါက်ခဲ့ရာ လမ်းသွားလမ်းလာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီက လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ည ၇ နာရီ ၁၅ မိနစ်မှာ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ဆောက်လုပ်ဆဲ Best Western ဟိုတယ်အတွင်းမှာ ဗုံးပေါက်ခဲ့ရာ လုံခြုံရေးဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခရိုင်နဲ့ နီးစပ်သူတဦးက ပြောတယ်။
"အလုံခရိုင်နဲ့ ဗိုလ်တထောင်ခရိုင်မှာ သုံးမြို့နယ် ဗုံးပေါက်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၉ ဦးရှိတယ် အကုန်လုံး ဆေးရုံမှာ။”
ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ကုန်သည်လမ်းမပေါ်ရှိ မြို့နယ်တရားရုံးရှေ့ အမှိုက်ပုံးမှာ မနေ့ ည ၇ နာရီက ဗုံးပေါက်ကွဲပြီး စည်ပင်ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တရားရုံးအနီး နေထိုင်သူတဦးက "ဗုံးပေါက်တာတော့မှန်တယ်။ အရမ်းကြီးထိခိုက်သွားတာမရှိဘူး။ စင်ပြီးမှန်တဲ့ပုံစံမျိုး၊ ခြေထောက်တွေ လက်တွေထိသွားတယ်။ လူနာတင်ယာဥ်နဲ့ လာခေါ်သွားတယ်။ ဆေးရုံပို့ဖို့ စစ်တပ်ကတော့ စစ်ဆေးနေတယ်"လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကတော့ စည်ပင်ဝန်ထမ်း ကိုကျော်မောင်နဲ့ ကိုမောင်ဇော်တို့ဖြစ်ပြီး အရှေ့ပိုင်းခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ဖြစ်စဥ်က စုံစမ်းနေဆဲပဲ စည်ပင်ဝန်ထမ်းလေးတွေ ထိသွားတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး။”
ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကုန်သည်လမ်းနဲ့ ၅၂ လမ်းမှာ လမ်းသွား လမ်းလာတွေကို စစ်ဆေးခဲ့ပါတယ်။
တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ကျိုက္ကဆံလမ်း ၁၅၄ လမ်းနဲ့ ၁၅၅ လမ်းကြား စိန်အပေါင်ဆိုင်ရှေ့ ကားလမ်းမပေါ်မှာလည်း မနေ့ ည ၇ နာရီက ဗုံးပေါက်ခဲ့လို့ အထည်ရောင်းရောင်းနေတဲ့ အမျိုးသား တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ သင်္ဃန်းကျွန်းကြီးရပ်ကွက်နဲ့ ရွှေနံ့သာကျေးရွာ ၃ ရပ်ကွက်မှာတော့ ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။
"အမှတ် ၃ လမ်းမကြီးမှာ ဗုံးတခါပေါက်တယ်။ လမ်းမကြီးနဲ့ နည်းနည်းကျော်တဲ့ လက်ဖက်ရည်ဆိုင်နားမှာ တခါပေါက်တယ်။ သုံးယောက်မှာ နှစ်ယောက်က စိုးရိမ်ရတယ်။”
အလားတူ မနေ့ ည ၇ နာရီကျော်က ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရန်ကွက်၊ အောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်း (နဂါးပတ်ကျောင်း)အနီး မင်းရဲကျော်စွာလမ်းဘေးမှာ ဗုံးပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံထံက သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ထိခိုက်ဒဏ်ရာရသွားတဲ့ ၁၃ ဦးကိုတော့ စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ဒီဇင်ဘာ ၁ ရက်က စတင်ကာ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ပစ်သတ်ခံရသလို တာမွေ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ရန်ကင်း၊ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။