မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-မြို့သာလမ်းပိုင်းမှာ စစ်ဆေးမှု မခံယူဘဲ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားတဲ့ ဒုရဲအုပ်ကို မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာတင် သေဆုံးသွားတယ်လို့ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်က နွားထိုးကြီး-မြို့သာ လမ်းပိုင်းမှာ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းက ရှောင်တခင် စစ်ဆေးနေစဉ် နွားထိုးကြီးမြို့ဘက်မှ ဆိုင်ကယ်စီးနှင်လာတဲ့ ဒုရဲအုပ် ကျော်ဆန်း၀င်းကို စစ်ဆေးဖို့ ဆိုင်ကယ်ရပ်ခိုင်းစဉ် ဆိုင်ကယ်မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်းက ပြောပါတယ်။
သေဆုံးသွားတဲ့ ဒုရဲအုပ် ကျော်ဆန်း၀င်းဟာ ၀က်လူးနယ်မြေရဲစခန်းမှာ တာ၀န်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ ဆိုင်ကယ်အတွင်းကနေ စာရွတ်စာတမ်းတချို့နဲ့ သူကိုင်ဆောင်တဲ့ ဖုန်းကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း နွားထိုးကြီး-မြို့သာလမ်းပိုင်း၊ အောင်ချမ်းသာကျေးရွာအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်း အဖွဲ့က ဒရုန်းနဲ့ ဝေဟင်မှ ဗုံးသီး ၁ လုံး ကြဲချကာ တိုက်ခိုက်ခဲ့ပါတယ်။