ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီမှာ ဗုံးကြဲပြီးနောက် ည ၁၀ နာရီကျော်မှာ စစ်သားတွေ ပန်းမြောင်းကျေးရွာထဲကို စဝင်ရောက်လာပြီး ကျေးရွာသား ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင် ပန်းမြောင်းကျေးရွာ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေက မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးငလုံးချေ၊ ဦးမဲမောင်၊ ဦးသန်းမောင်ကြီးနဲ့ အသက် ၃၀ အရွယ် ကိုကျော်ဆန်း၊ ကိုဂိုးချေတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းမြောင်းကျေးရွာ ဒေသခံတွေက “မနေ့က ညအချိန်မှာ ကျေးရွာကို ဝင်ဖမ်းသွားတာ။ တောင်ဖြူတောင်နဲ့ အောင်မင်္ဂလာတောင်က စစ်သားတွေ ကျေးရွာကို တိတ်တဆိတ် ဝင်လာကြပြီး သူတို့နေအိမ်တွေကို ဝိုင်းပြီးဖမ်းကြတာ။ ဘာကြောင့် ဖမ်းသွားတယ်။ ဘယ်ကို ခေါ်သွားကြလဲ မသိရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိတွင် ပန်းမြောင်းကျေးရွာရှိ အောင်မင်္ဂလာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်အကြား စစ်ရေးတင်းမာနေသလို ပန်းမြောင်းအနီးရှိ တောင်ဖြူတောင်မှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ စစ်ရေးတင်းမာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနေ့က မြောက်ဦးမြို့နယ် ကျောင်းတောင်နဲ့ မင်းပြား ပန်းမြောင်းရွာကြားမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ကြတယ်။ အခုလက်ရှိအချိန်မှာတော့ နှစ်ဖက် တင်းမာနေကြတယ်။ ဘယ်အချိန် ထဖြစ်ကြမလဲ မသိဘူး” လို့ ဆိုပါတယ်။
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ တောင်ဖြူတောင်နဲ့ အောင်မင်္ဂလာတောင်ပေါ်ရှိ စစ်ကောင်စီ စစ်စခန်းတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သား၊ ရိက္ခာတွေ အင်အားဖြည့်တင်းပေးခဲ့ပြီး ဂျက်တိုက်လေယာဥ်နဲ့ အနီးအနားရှိ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ထုတ်ပြန်ထားပါတယ်။