ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ကောလ်စင်တာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ ဆက်သွယ်ရေးကိရိယာတွေရော ဆေးခြောက် ၂၀ ကီလိုဂရမ်ကိုပါ ဖမ်းဆီးရမိတယ်လို့ တာ့ခ်ခရိုင် ထိုင်းစစ်တပ်တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ညက မဲဆောက်မြို့နယ်၊ မယ်ပအုပ်စု၊ ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ ဘန်ကောက်ကိုဆင်းမယ့် မသင်္ကာတဲ့ ၁ စီးကို တားဆီးစစ် ဆေးခဲ့ကြောင်း ၊ ကားပေါ်မှာ စကားပြောစက်အပါအဝင် ဆက်သွယ်ရေးကိရိယာ အမြောက်အမြားတင်ဆောင်လာ တာတွေ့ရတယ်လို့ ရာ့ချ်မနုစစ်ကြောင်းမှူး ဗိုလ်မှုးကြီး နာ့ဿ်ကွဏ်း ရိမ်းတိပ့်က သတင်းထောက်တွေကို ပြောပါတယ်။
ကားမောင်းသမားနဲ့ အတူ အဖော် တယောက်လိုက်ပါလာပြီး တာဝန်ရှိသူတွေက အဆိုပါပစ္စည်းတွေကို ဘယ်ကသယ်လာသလဲ ဘာလုပ်ဖို့လဲလို့ မေးရာမှာ မဲဆောက်ရှိ အိမ်တအိမ်မှသယ်လာကြောင်း၊ ပိုင်ရှင်ဖြစ်သူက ဘန်ကောက်ကိုပို့ပေးဖို့ သူ့ကိုငှါးတာနဲ့ သယ်ပေးခဲ့တယ်၊ ပစ္စည်းတွေ ဘာလုပ်ဖို့လဲမသိ၊ ဘန်ကောက် ဘယ်နေရပ်လိပ်စာကို သွားပို့ပေးရမလဲဆိုတာလည်းမသိသေး၊ ရောက်ခါနီးမှ ပိုင်ရှင်ကဖုံးနဲ့ ဆက်သွယ်ပြီး သွားပို့ရမယ့်နေရာကို ပြောလိမ့်မယ်လို့ ကားမောင်းသမားက ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့နှစ်ယောက်ကို မသင်္ကာတာနဲ့ ဆက်လက်စစ်ဆေးဖို့ ထိန်းသိမ်းထားသလို သူတို့ပစ္စည်းသွားသယ်လာတယ်ဆိုတဲ့ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ တစ်ထပ်တိုက် နေအိမ်တစ်အိမ်ကို မနေ့က အုပ်ချုပ်ရေး၊ နယ်မြေခံရဲတပ်ဖွဲ့၊ လဝကရဲနဲ့ ရပ်ကွက်လုံခြုံရေးတာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဆိုပါနေအိမ်ကနေ ဖဲထုတ်တွေ၊ ကာစီနိုလောင်းကစားဆိုင်ရာပစ္စည်းတွေ၊ ဆက်သွယ်ရေး ကိရိယာ၊ ကွန်ပြူတာတွေပါ ထပ်မံတွေ့ရှိကြောင်း၊ အဲဒီအိမ်မှာ တရုတ်နိုင်ငံသား ၃ ဦး နေထိုင်ပြီး သူတို့ကတော့ အိမ်ရှင်မဟုတ်ကြောင်း၊ ထိုင်းလူမျိုး ၁ ဦးက အိမ်စောင့်ပေးပါဆိုလို့ လာနေတာ၊ အဲဒီအိမ်ထဲမှာ ဘာပစ္စည်းရှိလဲမသိ၊ သူတို့နဲ့လည်း မဆိုင်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ တာဝန်ရှိသူတွေက လောင်းကစားပစ္စည်းတွေရော သူတို့ ၃ ဦးကိုပါ ဆက်လက် စစ်ဆေးဖို့ ဖမ်းထားကြောင်း၊ သူတို့ကိုဖမ်းထားတဲ့ အချိန်တွင်းမှာပဲ အမျိုးသား ၁ ဦးက ဘတ် ၁ သန်းပေးမယ် သူတို့ကို ပြန်လွှတ်ပေးပါလို့ ညှိနှိုင်းခဲ့တယ်၊ ဘတ် ၁ သန်းနည်းရင်လည်း ဘတ် ၅ သန်းထိ တိုးပေးမယ်လို့ ဆိုတယ်၊ ဒါပေမဲ့ တာဝန်ရှိသူဘက်က ညှိနှိုင်းမခံတဲ့အပြင် ညှိနှိုင်းဖို့ ကမ်းလှမ်းသူကိုပါ ဖမ်းထားလိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါပစ္စည်းတွေဟာ မဲဆောက်တဘက်ကမ်း မြဝတီမြို့နယ်ရှိ ကောလ်စင်တာနဲ့ ကာစီနိုရုံကလာတာလို့ ယူဆရကြောင်း၊ လက်ရှိမြန်မာနိုင်ငံမှာ အဆိုပါ တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းနေလို့ ဘန်ကောက်ကို ရွှေ့ပြောင်းဖို့ လုပ်နေတာလို့ ယူဆရကြောင်း၊ ဘယ်လိုဖြစ်ဖြစ် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ စစ်ကြောင်းမှူးက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် တနေ့တည်းမှာပဲ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားဘက်ကနေ စက္ကူဂျပ်ဖာထုတ်ကို ထမ်းပြီး ဝင်လာတဲ့ အမျိုးသားတယောက်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၊ စက္ကူဖာထဲမှာ အလေးချိန် ၂၀ ကီလိုဂရမ်ပါရှိတဲ့ တရားမဝင်ဆေးခြောက်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အသက် ၄၅ နှစ်ရွယ်ရှိ အဆိုပါ မြန်မာအမျိုးသားကိုလည်း ဖမ်းဆီးထားပြီး ဥပဒေအရအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
SOURCE - PPTV