မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အနီးအနားရှိ ကျေးရွာတချို့မှာ ဗုံးသီးချတိုက်ခိုက်နေလို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေသိရပါတယ်။
စစ်တပ်က ဗုံးသီးချတိုက်ခိုက်လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ချိန်မှာ စစ်သားနဲ့ ပျူစောထီးတွေက နေအိမ်တွေထဲဝင်ပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးဝှက် ယူငင်သွားတယ်လို့လည်း စဉ့်ကူးဒေသခံက ပြောပါတယ်။
စဉ့်ကူးမြို့ခံတစ်ဦးက"ရွာသာယာ ပျူစခန်းက အဲ့ရွာမှာ စစ်ကြောင်း အထိုင်ချတပ်ဆွဲနေတာ ကြာပြီ။ စစ်ဘေးရှောင်က အဲ့အနီးကဆို အနည်းဆုံး ၁၀ ရွာလောက်တော့ရှိမယ်။ ခိုးတာတော့မပြောနဲ့ ဆေးဖျန်းပုံးကစ ခိုးတာ"လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ အနည်းဆုံး ၁၀ ရွာလောက်ရှိပြီး ဒေသခံ ရွာသား အရေအတွက် ရာဂဏန်းရှိနိုင်တယ်လို့ သိရပါတယ်။
ရွာသာယာ ရွာအနီးက ကျွန်းဦး ၊ ဖရဲကျွန်း၊ သဲအင်း၊ ကြက်တူရွေး၊ ဟင်္သာဖို၊ဟင်္သာမ၊ ရွာသစ်ကုန်း၊ ရွာသာစတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက"ပိုက်ဆံရှိ အသိုက်အဝန်းတွေက မြို့ပြ၊ နေရပ်ကို မစွန့်လွှတ်နိုင်တဲ့ သာမန် လူတွေကတော့ အဲ့ကောင်တွေလာရင်ပြေး၊ သူတို့ ထွက်ရင် ပြန်ဝင် အဲ့လိုပဲ နေကြရတယ်။ ကျီးလန့်စာ စားနေရတဲ့ဘဝတွေပါဗျာ"လို့ ပြောပါတယ်။
ပျူစောထီးတွေဟာ ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ ကြက်တူရွေးအုပ်စု ဖရဲကျွန်း ခေါ် စဉ့်အိုးကျွန်း ကျေးရွာက ခိုင်းနွား ၅ ကောင်၊ လှည်း ၂ စီး၊ ဆန်၊ ပဲ အဝတ်စားအသုံးအဆောင်တွေကို လှည်းနဲ့ တင်ပြီး ယူသွားသလို ည ၁၀ နာရီလောက်မှာ ဝက်ပေါင်ရွာထဲကို ဒရုန်းနဲ့ ဗုံးတလုံးချခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်နေတာကြောင့် ဒေသခံ တောင်သူတွေဟာ စိုက်ခင်းတွေထံ သွားရောက် စိုက်ပျိုးမရတဲ့အထိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။