Home
ဆောင်းပါး
ဗေဒင် ဘိုးတော် နတ်ကတော်၊ တပ်မတော် ကိုး အရှုံးဆိုး 
မောင်တူး
·
December 12, 2023
Article_12122023

ဗေဒင် ဘိုးတော်၊ နတ်ကတော်များ

ယတြာအားကိုး၊ အုန်းပွဲထိုးလည်း

မကြိုးစားပဲ၊ ခွန်အားမစိုက်

အလွယ်လိုက်က၊ သေချာလှပြီ

ရှုံးကြရပြီဖြစ်သတည်း ။ ။

ကိုးမြို့ရှင်နတ်အား ကျောက်မဲ ၅၀၂ တပ်က  ပူဇော်ခြင်း

ကျောက်မဲ ခမရ ၅၀၂ အရာရှိတွေဟာ ကိုးမြို့ရှင်နတ်ကို   အောက်တိုဘာ ၂၉  ရက်က  ပူဇော်ပသခဲ့ကြတယ်။ တပ်မှူး တပ်သားတွေ အသက်ဘေးကင်းပြီး အလုပ်အကိုင် အကြံအစည်အောင် ရာထူးတိုးစေကြောင်း ကိုးမြို့ရှင်နတ်ကို ဦးခိုက်ပူဇော် ဆုတောင်းခဲ့ကြတဲ့ အကြောင်း ဓာတ်ပုံနဲ့တကွ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 

အလားတူ ကွတ်ခိုင်က ၄၅ တပ်ရင်းကလည်း ကိုးမြို့ရှင်ကို ပူဇော်ပြီး အသက်ဘေးက လွတ်ပါစေလိုကြောင်း ဆုတောင်းထားတယ်။ လတ်တလော ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်မှာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ မှာ စတင်လိုက်ပြီးနောက် ဒီလို ကိုးမြို့ရှင်ကို ပူဇော်တာတွေများလာခဲ့တာပါ။ အလားတူပါပဲ။ တပြည်လုံးက စစ်တပ်၊ ရဲ၊ တပ်ရင်း တပ်ဖွဲ့တွေမှာလည်း ကိုးမြို့ရှင်နတ် ပူဇော်ပွဲတွေ စီရင်နေကြပါသတဲ့။ စစ်တိုက်ရာမှာ စိတ်ဓာတ်၊ လက်နက်၊ နည်းပညာ၊ ပြည်သူ့ထောက်ခံမှု၊ နယ်မြေဒေသ ကျွမ်းကျင်မှုတွေဟာ အဓိကပါ။ ဒါတွေ ပြည့်စုံပါက စစ်ဟာ တဝက်နိုင်ပြီ။ အခုတော့ ရှိရမည့် အဓိက ဟာတွေကို ပြည့်စုံအောင် မကြိုးစားဘဲ နတ်ကတော်အားကိုး (ကိုးမြို့ရှင်နတ်)ကိုသာ ပူဇော်နေမယ်ဆိုရင်တော့ အရှုံးဆုကိုသာ ရပါလိမ့်မည်။ ပြောလို့သာ ပြောရတာပါ။ တပ်မတော်ကြီး တခုလုံးဟာ နတ် ဘိုးတော် ဗေဒင် ယတြာတွေကိုသာ အားကိုးနေကြတာ အားလုံး သိနေပြီးသားပါ။ 

စစ်ဗိုလ် စာရေးဆရာ "သောင်းဝေဦး" ကတောင် တပ်ရင်းမှူးတွေ ရာထူးတက်ချင်ရင် မန္တလေးက ပုဏ္ဏား ဗေဒင်ဆရာတွေဆီ သွားပြီး ယတြာချေကြရတယ်လို့ ရေးခဲ့ဖူးတာပဲ။ လူဆိုတာ အကျပ်အတည်း အခက်အခဲ အန္တရာယ်တွေ့ စီးပွားပျက်လာရင် နတ် ဘိုးတော် ဗေဒင်တွေကို အားကိုးကြတယ်လေ။ အခုအချိန်က တပ်မတော်ကြီးတခုလုံးဟာ "ခြင်္သေ့ကို ပျားအကောင်တသောင်းလောက် ဝိုင်း အတုပ်ခံနေရတဲ့ အခြေအနေ" လေ။ စဉ်းစားသာကြည့်ကြတော့။

လူသားတွေ နတ်ပူဇော်ခြင်းအစ

ဗဟုံဝါ သရဏံ ယန္တိ၊ ပဗ္ဗတာနိဝနာနိစ။

အာရာမ ရုက္ခ စေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

(ဒီဃနိကယ်-အဂ္ဂညသုတ်)

အထက်ပါ ဘီစီ ၆ ရာစုက ဗုဒ္ဓ ဘုရားဟော ပါဠိကို မြန်မာလို ပြန်ရင်တော့—

(လူတွေဟာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ဘေးအမျိုးမျိုး ရန်အသွယ်သွယ်ကို ကြုံလာကြရတဲ့အခါ အကြောက်လွန်ကဲပြီး တောင် တော သစ်ပင် နတ်ကွန်းစင် စတာတွေအပါအဝင် များပြား ထွေပြားလှတဲ့ အရာတွေကို ကိုးကွယ်လာကြတယ်။) လို့ အကြမ်းအားဖြင့် နားလည်ရပါတယ်။

ကမ္ဘာဦး လူတွေဟာ သားရိုင်းတိရစ္ဆာန်တွေရဲ့ အနီးကပ် တိုက်ခိုက်တာ ခံကြရတဲ့အပြင် ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေမုန်တိုင်း၊ သဲမုန်တိုင်း၊ ရေကြီးတာ၊ မိုးကြိုးပစ်တာ၊ လောင်မီးကျတာ စတဲ့ ကြောက်ရွံ့ထိတ်လန့်စရာ အန္တရာယ်ပေါင်းစုံနဲ့ နေ့စဉ်လိုလို့ ကြုံခဲ့တွေ့ခဲ့ကြရတယ်။

အဲဒီလို အန္တရာယ်အပေါင်းကို ကြုံရတိုင်း စိုးရိမ်ထိတ်လန့်တာတွေနဲ့အတူ အန္တရာယ်တွေကို ကာကွယ်ပေးနိုင်မယ့် တန်ခိုးရှင်တွေကို ဖန်တီး ရှာဖွေကြရင်း တော၊ တောင်၊ ရေ၊ မြေ၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ သစ်ပင်၊ နေ၊ လ၊ နက္ခတ်၊ တာရာတွေနဲ့ မြွေ နဂါး စတာတွေကို အားကိုးလာခဲ့ကြပါတယ်။ သူတို့ကို အားကိုး အကာအကွယ် ယူရင်းကနေ ကြာလာတဲ့အခါ သူတို့ဟာ လူတို့ရဲ့ ကိုးကွယ်ရာအဖြစ် အလိုလို ရောက်သွားကြပါတော့တယ်။

ဒီကမှတဆင့် လူတွေရဲ့ စိတ်ကူးကနေ မှန်းဆပြီး နတ်ရုပ်တွေ ဖန်တီးထုလုပ်ကြပါတော့တယ်။ နတ်စင်တွေ နတ်ကွန်းကြီးတွေ ဆက်ဖြစ်လာစေပါတယ်။ လူတို့ကို ကောင်းကျိုးပေးမယ့် အရှင်သခင် နတ်မင်းကြီးတွေအဖြစ် ယုံကြည် ကိုးကွယ်လာကြပါတော့တယ်။ ဒါက အစ ပထမ ဖြစ်ပြီး နောက်ပိုင်းတော့ တဆင့်တက် တီထွင်မှုတွေဖြစ်ကြတဲ့ နတ်ဆရာ၊ နတ်ကတော်၊ ဘိုးတော်၊ ကန္နားစီး၊ နတ်ထိန်း စသဖြင့် ခေတ်အဆက်ဆက် တိုးတိုးပြီး ဖန်းတီးကြတော့တာပါ။

အလားတူ ဗေဒင်ကျမ်းတွေ ပေါ်လာပြီး ဒီနေ့ ခေတ်စားနေတာကတော့ အာဏာသိမ်းစစ်တပ် အသိုင်းအဝိုင်းအတွင်းက နတ် ဗေဒင် စသဖြင့် ကိုးကွယ်မှုနည်းပေါင်းစုံ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ နတ်ဗေဒင် ဘိုးတော် အဆောင်ယတြာ

စစ်တပ်ထဲမှာ ရာထူးတက်ချင်ရင်၊ တပ်ရင်းမှူးဖြစ်ချင်ရင်၊ ပြည်ပပညာတော် သင် သွားချင်ရင် ဗေဒင်တွက်၊ ယတြာချေ၊ နတ်မေး၊ နတ်ကနားပေး၊ ဘိုးတော်အစီအမံယူ၊ နဂါးစာကျွေး စတာတွေဟာ သမားရိုးကျ အလုပ်တွေလိုတောင် ဖြစ်နေပြီလို့ တပ်တွင်းက လျှံထွက်လာနေတဲ့ သတင်းစကားတွေအရ သိနေကြရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး မိန်းမ ဘုရင်ဖြစ်မယ်လို့ ဗေဒင်အဟောရှိတာကြောင့် ဗိုလ်ချုပ်တဦးက မိန်းမလိုဝတ်ပြီး ရာဇပလ္လင်ပေါ်တက် ယတြာချေခဲ့ဖူးကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ကနေ အခု မအလ အထိ အာဏာမြဲရေးအတွက် ဆင်ဖြူတော် ရှာကြရတာတွေကလည်း အမောပါပဲ။ 

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ တိရစ္ဆာန်ဟာ တိရစ္ဆာန်ပဲ၊ ဆင် ဖြူဖြူ မည်းမည်း ဘာမှ အသုံးမဝင်ကြောင်း ပြောခဲ့ဖူးရဲ့။ အာဏာသိမ်း စစ်ခေါင်းဆောင် မအလ ကတော့ ဆင်ဖြူမှ ဆင်ဖြူ ဖြစ်နေလေရဲ့။ 

အခု နောက်ဆုံး မာရဝိဇယ ရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်တာဟာလည်း ဗေဒင်အဟော ယတြာ သဘောပါပဲလို့ အများက နားလည်နေကြတာပါ။ ဒါပေမဲ့လည်း လက်တွေ့ ကြိုးစားလုပ်ဆောင်ချက် (အလုပ်)ကသာ အောင်မြင်နိုင်ပြီး၊ နတ် ဗေဒင် အားကိုးပြီး မကြိုးစားရင် (အလုပ်) မလုပ်ရင် ရှုံးနိမ့်ရမှာဆိုတာ ဒီနေ့ သက်သေပြနေပါပြီ။

ဥပမာပြရရင် အောက်တိုဘာလကုန်မှာ စစ်တပ်တပ်ရင်းတိုင်းလိုလိုမှာ ဘေးကင်းစေကြောင်း နတ်ကိုးကြတယ်၊ ယတြာတွေ ချေခဲ့ကြတယ်။ ဒါပေမဲ့ စစ်အောင်ခြင်း အလုပ်ဖြစ်တဲ့ ပြည်သူလူထု ပါဝင်မှု၊ သတင်းလက်ဦးမှု၊ တိုက်စိတ်ခိုက်စိတ်တွေ မရှိသလောက်ဖြစ်နေတော့ နတ်တွေ ဘိုးတော်တွေ ယတြာတွေက မကယ်နိုင်တော့ပဲ တပ်လုံးပြုတ်၊ အကျအဆုံးတွေ များလာနေ၊ တပ်ပြေးတွေ များလာနေ၊ အလံဖြူတွေထောင်ကုန်ပြီး ရှုံးပွဲဆက်ဆက်ခံနေကြရတော့တာပေါ့။ 

စစ်တပ်က ဒါတွေ (ဗေဒင် ယတြာတွေ) မလုပ်ပါဘူးလို့ ငြင်းရင်တော့ ၂၀၂၀ ပြည့်နှစ်က ဟိုးလေးတကျော် ဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယတြာအစီအရင် လှူဒါန်းထုလုပ်ထားခဲ့တဲ့ ပုံပျက်ပန်းပျက်အသွင် ဗုဒ္ဓဆင်းတုတွေအကြောင်းကို ပြန်လေ့လာကြရအောင်ပါ။

ဗိုလ်ချုပ်တွေရဲ့ ညာတင်ကုဋ် ယတြာအစီအရင် ပုံပျက်ဗုဒ္ဓရုပ်တုများ

"ဘုရားမဟုတ်၊ ညာတင်ကုဋ်"

ထုလုပ်ကိုးက၊ ငရဲကျ

ဘဝဆက်ဆက် ခံကြရမည်တကား။ ။

"ဘုရားမဟုတ် ညာတင်ကုဋ်" လို့ သမုတ်ကြတာဟာ ဘုရားဆင်းတုတော်တိုင်း သင်္ကန်း ရုံပုံ ဘယ်ပခုံးပေါ်သာ တင်၍ ရုံလေ့ ရှိရိုးမှန်ပေမဲ့ ညာတင်ကုပ်ကတော့ ဆေး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့ အစီအရင် သဘောအနေနဲ့ ညာဘက်ပခုံးပေါ် တင်ရုံထားပုံ (ဆန့်ကျင်ဘက်) ထုလုပ်တာ ဖြစ်လို့ ဘုရားမဟုတ်ဘူးလို့ အမှတ်အသားပြုကြပါတယ်။

၂၀၂၀ ပြည့်နှစ် NLD အစိုးရလက်ထက်မှာ နေပြည်တော်၊ ပျဉ်းမနားက စိန္တာမုနိ မင်းဝံတောင်ဘုရားဝင်းထဲမှာ စစ်ဗိုလ်ချုပ်တွေ အာဏာထာဝရ စိုးမိုးရေးယတြာချေတဲ့အနေနဲ့ ထုလုပ်ထားတဲ့ ညာတင်ကုဋ်ဆင်းတုတော်တွေကို ဖယ်ရှားခဲ့ပါတယ်။ ပုံပျက်ပန်းပျက် မင်းဝံတောင်ဘုရားထဲက ဆင်းတုတော်တွေဟာ ၂၀၁၆ ခုနှစ် ဝန်းကျင်ကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။ ညာတင်ကုဋ်ဆင်းတုတွေကို လှူဒါန်းထားတဲ့သူတွေစာရင်းမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု၊ ဒုဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မိသားစုအပြင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း မိသားစုတွေ ပါဝင်နေပါတယ်။ 

စစ်ဗိုလ်ချုပ်တွေ ၂၀၂၁ မှာ အာဏာသိမ်းတာ ဘာဆန်းသေးလဲ။ သူတို့က ဘယ်လိုနည်းနဲ့ ရရ အာဏာကို ငမ်းငမ်းတက် လိုချင်နေသူတွေလေ။ မြန်မာပြည်သူ အများ အထွတ်အမြတ်ထား ရိုသေကိုးကွယ်ကြတဲ့ ဗုဒ္ဓမြတ်စွာဘုရား ပုံတော် ဆင်းတုတော်တွေကိုတောင် အာဏာမြဲစေ ယတြာချေပြီး ပုံပျက်ပန်းပျက် ထုလုပ်စီရင်သေးတာပဲလေ။

ဗေဒင်အားကိုး အရှုံးဆိုးမည် စစ်တပ်သည်ကား

အရှုံးဆိုးသလား မဆိုးသလား စစ်ဆေးကြည့်မည်။

၂၀၂၃ အောက်တိုဘာ ၂၉ ရက်နေ့က ကိုးမြို့ရှင်နတ်ကို ကျောက်မဲ ခမရ ၅၀၂ အရာရှိတွေက ပူဇော်ပသခဲ့ကြတယ်။ တနိုင်ငံလုံးက စစ်တပ်တွေလည်း ယတြာချေ၊ ကိုးမြို့ရှင်အပါ နတ်တွေကို ပူဇော်ခဲ့ကြတယ်။ စစ်နိုင်စေကြောင်းပေါ့။ အသေအပျောက် နည်းစေကြောင်းပေါ့။ အခုလို နတ်တွေ ဗေဒင်တွေ အားကိုးပြီး ၂ လလောက်အကြာမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေ ရှုံးကုန်ပြီမဟုတ်လား။ ခွက်ခွက်လန်ပါပဲ။ တရုတ်ကိုတောင် ဝင်ရောက်စေ့စပ်ပေးပါလို့ ပြောရပြီ။ 

နွေဦးတော်လှန်ရေးဘက်က ဘာဗေဒင်မှာ ဘာနတ်မှ အားကိုးတယ် မကြားမိပါဘူး။ ဒါပေမဲ့ နတ်အားကိုးသူတွေရဲ့ စခန်းပေါင်း ၃၀၀ ကျော် မြို့ပေါင်း ၂၀ လောက်ကို ဗေဒင်အားမကိုးသူတွေက သိမ်းထားလိုက်ပြီ။ 

ဥပမာပြရရင် ဗေဒင် ယတြာအားကိုးပြီး ၁၀ တန်းဖြေတဲ့ ကျောင်းသားနဲ့ ပုံမှန်စာကျက်ပြီး ဗေဒင် ယတြာအားမကိုးဘဲ ဖြေတဲ့သူလိုပေါ့။ ဗေဒင်ကျောင်းသား၊ ကျရှုံးသွား၍၊ ကြိုးစားဖြေသူ၊ ဂုဏ်ထူးယူ၏၊ တွေးသာကြည့်ကြပါတော့ ။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024