ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၂ ရက် မနက်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အလယ်ချောင်ကျေးရွာမှာ နေထိုင်တဲ့ ဦးစံရင်ရဲ့သားဖြစ်သူ ကိုပြူးကို စစ်ကောင်စီတပ်ဖွဲ့က ဒီမနက် ၆ နာရီခွဲက လာရောက်ရှာဖွေရာ မတွေ့တာကြောင့် အစ်ကိုဖြစ်သူ ၃ ယောက်၊ အစ်မတော်စပ်သူ ၄ ယောက်နဲ့ တူဖြစ်သူ ၁ ယောက် စုစုပေါင်း ၈ ယောက်တို့ကို ဓားစာခံအဖြစ် ရွာငံမြို့နယ် ရဲစခန်းကို ဖမ်းဆီးသွားတယ်လို့ သိပါတယ်။
ဒေသခံ ၁ ဦးက "ကိုပြူးက တော်လှန်ရေး ရဲဘော်တယောက်လို့ သိထားပါတယ်။ သူ အခု ကရင်နီဘက်မှာ ရှိနေတယ်လို့ ကြားတယ်ဗျ။ စစ်တပ်က သူ့ကို လာရှာတာ နှစ်ခါရှိပြီ။ ရွာငံကို သူ ပြန်ရောက်နေတယ် သတင်းကြားလို့ လာရှာတာ ဖြစ်နိုင်တယ်။ သူ့ကို မတွေ့တော့ သူ့မိသားစုဝင်တွေကို ဖမ်းသွားတယ်။ ပြီးတော့ ငွေသားနဲ့ ပစ္စည်းတချို့လည်း ယူသွားတယ်။ ဖမ်းဆီးသူတွေက ဘာမှပြစ်မှု ကျူးလွန်ထားတာ မရှိတဲ့အတွက် ပြန်လွှတ်ပေးစေချင်တယ်”လို့ ပြောပါတယ်။
တော်လှန်ရေးရဲဘော် ကိုပြူးဟာ လက်ရှိအချိန်မှာ ကရင်နီပြည်နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့တခုမှာ တာဝန်ထမ်းဆောင်နေပြီး မိသားစုက အမွေပြတ်စွန့်လွှတ်ထားတာ ၃ နှစ်နီးပါး ရှိပြီလို့ သိရပါတယ်။