ပင်လယ်နီမှာ လှည့်ပတ်ခုတ်မောင်းနေတဲ့ ပြင်သစ်စစ်သင်္ဘော တစင်းဟာ ယီမင်နိုင်ငံ ကမ်းရိုးတန်းကနေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းနှစ်စင်းကို ပစ်ချခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဘက်စုံသုံး ဖရီးဂိတ်သင်္ဘော လွန်ဂဒေါ့ချ်ဟာ ယီမင်ကမ်းခြေ အယ်လ်ဟူဒေးဒါမြို့ကနေ ၆၈ မိုင်ခွဲလောက်အကွာကနေ ဒီဇင်ဘာ ၉ ရက်မှာ ပထမမောင်းသူမဲ့လေယာဉ် တစင်းကို ဂရင်းနစ်စံတော်ချိန် ည ၈နာရီခွဲမှာ ကြားဖြတ်ဖျက်ဆီးခဲ့တာပါ။
ဒုတိယမြောက် ဒရုန်းတစ်စင်းကိုတော့ ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီခွဲမှာ ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ယီမင်နိုင်ငံအခြေစိုက် ဟူသီ လှုပ်ရှားမှုအုပ်စုက ဘယ်နိုင်ငံပိုင်ဆိုတာ မခွဲခြားဘဲ အစ္စရေးဆီ ဦးတည်သွားတဲ့ သင်္ဘောအားလုံးကို ပစ်မှတ်ထားမယ်လို့ စနေနေ့က ပြောခဲ့တာပါ။
အစ္စရေးဆိပ်ကမ်းတွေနဲ့ မဆက်ဆံဖို့ နိုင်ငံတကာ သင်္ဘောကုမ္ပဏီတွေ အားလုံးကို သတိပေးခဲ့ပါတယ်။
အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေဟာ ပင်လယ်နီနဲ့ ကမ္ဘာ့ရေနံအများစု ဖြတ်သန်း တင်ပို့နေတဲ့ ပင်လယ်ရေကြောင်းလမ်းဖြစ်တဲ့ ဘဘ်အယ်လ်မန်းဒက်ဘ် ရေလက်ကြားတို့မှာ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောအများအပြားကို တိုက်ခိုက် သိမ်းယူနေပါတယ်။
Source/Photo - Reuters