သြစတြေးလျအစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူများအတွက်စနစ်ကို အလုံးစုံ ပြန်ပြောင်းလဲ ပြင်ဆင်ဖို့ ကြိုးပမ်း နေလို့ လာမယ့် ၂ နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူဦးရေ ထက်ဝက်လျှော့ချနိုင်ဖို့ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ကျွမ်းကျင်မှုနည်းတဲ့ လုပ်သားတွေအတွက် ပြည်ဝင်ခွင့် ဗီဇာစည်းမျဉ်းတွေကို တင်းကျပ်မယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
အစိုးရက ပစ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရွှေ့ပြောင်းနေထိုင်မှု အပေါ် ဖိအားတွေ စပေးနေပြီး ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကလည်း မျှော်မှန်းထားတာထက် ပိုကျဆင်းလာစေရေး အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သြစတြေးလျ ပြည်ထဲရေးဝန်ကြီး ကလဲယာ အိုနီးက ဒီဇင်ဘာ ၁၁ ရက် ပြောပါတယ်။
မူဝါဒအသစ်အရ နိုင်ငံတကာ ကျောင်းသားတွေဟာ အင်္ဂလိပ်စာ စာမေးပွဲတွေမှာ အဆင့်သတ်မှတ်ချက် မြင့်မြင့်ရဖို့ လိုအပ်မှာဖြစ်ပြီး နေထိုင်မှု သက်တမ်းတိုးရေးအတွက် ကျောင်းသားရဲ့ ဒုတိယဗီဇာလျှောက်ထားမှုအပေါ် ပိုမို စိစစ်ရမှာပါ။
ရွှေ့ပြောင်းနေထိုင်မှုဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ လူဦးရေ ၅၁၀,၀၀၀ အထိ စံချိန်တင် အမြင့်ဆုံးကို ရောက်လာမယ်လို့ မျှော်လင့်ပြီးတဲ့နောက် အခုဆုံးဖြတ်ချက် ထွက်ပေါ် လာ တာပါ။
တရားဝင် အချက်အလက်တွေအရ အကြမ်းဖျင်းအားဖြင့် ကိုဗစ်ရောဂါကပ်ဘေး မဖြစ်ခင် ကာလ အဆင့် နဲ့အညီ ၂၀၂၄-၂၀၂၅ နဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွေမှာ ရွှေ့ပြောင်းနေထိုင်သူ ၂ သိန်းခွဲ လောက်အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source/Photo - Reuters