ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်မြောင်းကျေးရွာ နဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာကြားမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက် စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေစွာဖြစ်နေပြီး စစ်ကောင်စီက Mi-35 တိုက်ရဟတ်ယာဥ် ၂ စီးအပြင် ဂျက်လေယာဥ် ၁ စီးနဲ့ ပစ်ကူပေးနေတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
"ဒီနေ့ နေ့လယ် ၃ နာရီခန့်လောက်မှာ ပန်းမြောင်းနဲ့ ကျောင်းတောင်ကျေးရွာကြားမှာ စစ်ကောင်စီ နဲ့ အေအေ တိုက်ပွဲတွေပြင်းထန်နေတာ။ စစ်တပ်က အထိနာနေတော့ Mi တိုက်လေယာဥ် ၂ စီး၊ ဂျက် ၁ စီးနဲ့သုံးပြီး ပစ်ကူတိုက်လာတာ" လို့ ကျောင်းတောင်ဒေသခံတဦးက ပြောပါတယ်။
အိမ်ခြေ ၅,၀၀၀ ကျော်ရှိတဲ့ မင်းပြားမြို့နယ် ပန်မြောင်းကျေးရွာနဲ့ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်အခြေစိုက် စစ်ကောင်စီဗျူဟာတပ်အား ရက္ခိုင်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်၊ ငွေတောင်ပေါက်တံတားအနီး စစ်ကောင်စီစစ်ကြောင်းအား ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁ နာရီ ကျော်မှာ အေအေ က မိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီကျော်ကလည်း ရက္ခိုင်တပ်တော် (အေအေ) က မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး၊ ဦးစီးအရာရှိ ၁ ဦး နဲ့ ဒုဦးစီး ၂ ဦးအား ဖမ်းဆီးသွားခဲ့ပြီးနောက် အခုလို ထိတွေ့တိုက်ခိုက်ပွဲတေါ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပန်းမြောင်းဒေသမှာ ပန်းမြောင်းကျေးရွာအပြင် မြို့ချောင်း၊ ကျောင်းတောင် စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်ရှိပြီး ရွာသားအများစုမှာ လေးမြို့မြစ်အထက်ဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။