မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၂၅၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၅၂၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၄၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၂၉၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၈၉ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ထီးချိုင့်မြို့၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အပါအဝင် နိုင်ငံတဝန်း အရှိန်ဟုန်မြှင့် လုပ်ဆောင်လာတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ပါတယ်။
ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ သောင်းနဲ့ချီ နေရပ်ဒေသတွေကို စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
ရခိုင်ပြည်နယ်မှာလည်း တကျော့ပြန်တိုက်ပွဲတွေအတွင်း စစ်တပ်က ကြည်းရေလေ သာလွန်အင်အားသုံးတိုက်ခိုက်မှုအပြင် ကုန်းလမ်းနဲ့ရေလမ်း ဖြတ်သန်းသွားလာရေး ပိတ်ပင်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ ဆေးရုံ၊ ဆေးခန်းသွားလာခွင့် မရရှိဘဲ ကိုယ်ဝန်ဆောင် မိခင် အပါအဝင် နာမကျန်းဖြစ်နေသူတွေ မသေသင့်ဘဲ သေဆုံးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို လူမှုကွန် ရက်ပေါ် မျှဝေသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်သတင်းအမှားရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၂ ယောက်ကို ဖမ်းဆီးကာ မတရားပုဒ်မတွေနဲ့ အမှုဖွင့်တရားစွဲဆိုနေတယ်လို့ အေအေပီပီက ပြောပါတယ်။