ရုရှားနိုင်ငံရဲ့အာဏာကို အလုံးစုံချုပ်ကိုင်ထားတဲ့ သမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ကင်းနေပုံပေါ်ပေမဲ့ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကတော့ ပူတင်မှာ အားနည်းချက်ရှိကြောင်းပြဖို့ အခွင့်အရေးကို ရှာနေကြပါတယ်။
မတ်လ ၁၇ ရက်မှာ သမ္မတရွေးကောက်ပွဲ ကျင်းပမယ်လို့ လွှတ်တော်က ဒီဇင်ဘာ ၇ ရက်မှာ ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ အတိုက်အခံ ခေါင်းဆောင် နာဗယ်လ်ညီရဲ့ အုပ်စုက သူတို့ရဲ့ ပထမဆုံး မဲဆွယ်စည်းရုံးရေးကို စတင်ခဲ့ပါတယ်။
အဓိကမြို့ကြီးတွေမှာ စိုက်ထူထားတဲ့ အပြာရောင် ကြော်ငြာဆိုင်းဘုတ်ကြီးတွေရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ရင်း အပြစ်ကင်းတဲ့ပုံစံရှိတဲ့ နှစ်သစ်ကူး ဆုတောင်းစကားတွေနဲ့ ရုရှားနိုင်ငံသားတွေကို နှုတ်ဆက်ခဲ့ပါတယ်။
အောက်ခြေမှာတော့ NotPutin အင်တာနက်စာမျက်နှာကို ဦးတည်တဲ့ QR ကုဒ်တစ်ခု ရှိနေပါတယ်။ ဒီလုပ်ရပ်ဟာ နာဗယ်လ်ညီရဲ့ နည်းပညာကျွမ်းကျင်တဲ့အဖွဲ့ရဲ့ ထက်မြက်မှုကို ပြသခဲ့တာပါ။
ဒါပေမဲ့ အာဏာပိုင်တွေက ကြော်ငြာဘုတ်တွေကို ဖြုတ်ချပြီး အင်တာနက် စာမျက်နှာဆီ ဝင်ခွင့်ကို ပိတ်လိုက်လို့ သက်ရောက်မှု အချိန်အနည်းငယ်ပဲရှိပါတယ်။
ပူတင်ဟာ နောက်ထပ် ၆ နှစ် သက်တမ်းအတွက် သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပြီး အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်ညီက ထောင်ဒဏ်အနှစ် ၃၀ ကျော် ကျခံနေရတာပါ။
တခြားဝေဖန်ရေးသမားတွေကိုလည်း အကျဉ်းချတာ၊ ပြည်နှင်ဒဏ်ပေးခံရတာတွေကြောင့် ပူတင်ကို စိန်ခေါ်ဖို့ အားကောင်းတဲ့ ပြိုင်ဘက်ကင်းမဲ့နေပါတယ်။
ရုရှားသမ္မတ နန်းတော်ဟာ နိုင်ငံပိုင်မီဒီယာကို အပြည့်အ၀ ထိန်းချုပ်ထားပြီး ဘယ်သူ ရွေးကောက်ပွဲ ဝင်၊ မဝင်ကိုပါ ဆုံးဖြတ်နိုင်လို့ တကယ့်ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အတိုက်အခံ အုပ်စုက ဆိုပါတယ်။
ဒါပေမဲ့ ရက် ၁၀၀ မဲဆွယ်စည်းရုံးရေးပြတင်းပေါက်က ရုရှားတွေကို နိုင်ငံရေးစကားဝိုင်းထဲ ဆွဲသွင်းဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်နေတာပါ။ ဒါကြောင့် ယူကရိန်းစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲနဲ့ စီးပွားရေးအရ တင်းမာမှုတွေက ပူတင်ရဲ့ ဖော်ဆောင်မှု ပြဿနာတွေလို့ ယုံကြည်အောင် စည်းရုံးသိမ်းသွင်းနေကြပါတယ်။
Source/Photo - Reuters