အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအပေါ် သက်ရောက်မှုဟာ ‘ကပ်ဆိုးကြီး’ ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဒီဇင်ဘာ ၁၀ ရက်နေ့ ကျင်းပတဲ့ အရေးပေါ် ဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
အခြေအနေတွေက သေစေတတ်တဲ့ ရောဂါတွေ ပျံ့နှံ့ဖို့ စံပြဖြစ်နေတယ်လို့လည်း သူက ပြောလိုက်ပါတယ်။
ဂါဇာမှာဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အခြေအနေကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ WHO အတွက် မဖြစ်နိုင်ဘူးလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရိုအက်ဒါနွန် ဂေဘရီယေးဆပ်က အဖွဲ့ဝင် ၃၄ ဦးပါတဲ့ ဘုတ်အဖွဲ့ကို ပြောပါတယ်။
အာဖဂန်နစ္စတန်၊ မော်ရိုကို၊ ကာတာနဲ့ ယီမင်တို့က အဆိုပြုထားတဲ့ ဘုတ်အဖွဲ့က ပြန်လည်သုံးသပ်ထားတဲ့ အဆိုပြုချက်ထဲမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ သူတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဆေးရုံတွေ ပြန်ဆောက်ဖို့ ရန်ပုံငွေရရှိရေး WHO ကနေ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
မြေပြင်လုံခြုံရေး အခြေအနေအရ ပေးထားတဲ့ အဲဒီတောင်းဆိုမှုတွေကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်သလောက် ဖြစ်မယ်လို့ တေဒရိုက ပြောပါတယ်။
အမေရိကန်ရဲ့ ဗီတိုအာဏာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အပစ်အခတ်ရပ်စဲရေးကို သဘောမတူနိုင်တဲ့အတွက် အများကြီး ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
ဒီအဆိုပြုချက်ကို အစ္စရေးက အာရုံစိုက်နေပြီး ဆေးရုံတွေမှာ ကွပ်ကဲမှုစင်တာတွေ၊ လက်နက်တွေ ထားပြီး ဟားမတ်စ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်ဆိုတဲ့ ဖော်ပြချက်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘူးလို့ အစ္စရေးက ဝေဖန်ခဲ့ပါတယ်။
၂၀၂၀ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနဲ့ ၂၀၁၅ ခုနှစ်က အနောက်အာဖရိကမှာ အီဘိုလာ ကပ်ရောဂါ ကာလအတွင်း အပါအဝင် ကျန်းမာရေး အကျပ်အတည်းတွေအတွင်း WHO ရဲ့ ခုလို ရှားရှားပါးပါး အရေးပေါ် အစည်းအဝေးတွေ လုပ်ခဲ့ဖူးပါတယ်။
Source/Photo - Reuters