စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက်မှုဇုန်အနီးမှာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ဆိုင်ကယ်နဲ့ မိုင်းနင်းမိတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်နဲ့အတူ သူရဲ့အမျိုးသားဆီကို ဆိုင်ကယ်နဲ့သွားတဲ့လမ်းမှာ မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားတာလို့ သိရပါတယ်။
ကလေးမြို့ခံတစ်ဦးက “ယောကျ်ားလေးကတော့ ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရသွားတာ။ သူ အခု ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေရတယ်။ သေဆုံးတဲ့ အမျိုးသမီးကတော့ ခေါင်းထိသွားတာ။ ဘယ်ကမှန်းတော့ သေချာမသိဘူး။ ကလေးမြို့တွင်းကပဲ နေမယ်” လို့ ပြောပါတယ်။
အရပ်သားပြည်သူတွေ မိုင်းနင်းမိတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေး အင်အားစုဘက်ကတော့ မိမိတို့တပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်း မဟုတ်ကြောင်း၊ အဲဒီအနီးတဝိုက်ဟာ စစ်တပ်ဘက်ကသာ လှုပ်ရှားသွားလာတဲ့နယ်မြေ ဖြစ်တာကြောင့် စစ်တပ်က ထောင်ထားတဲ့မိုင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။