Home
ဆောင်းပါး
မပြီးပြတ်သေးသည့် မြန်မာ့အရေးနှင့် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာမည့် လာအို
DVB
·
December 11, 2023
Article_11122023

တစ်လ မပြည့်တော့တဲ့ မကြာမီကာလအတွင်း စိန်ခေါ်မှုတွေပြည့်နေတဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို အင်ဒိုနီးရှားဆီကနေ လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် လွှဲပြောင်းရယူတော့မှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေထဲမှာ မပြေလည်နိုင်သေးတဲ့ မြန်မာ့အရေးဟာလည်း အာဆီယံအတွက် ဒေသတွင်း ပြဿနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့ပဋိပက္ခတွေကို ၂၀၂၁ ခုနှစ်မှာ ဘရူနိုင်း၊ ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယား၊ ၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားတို့က ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် လာအိုကလည်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုတေသီတွေက ယူဆထားကြပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ ညီလာခံရဲ့ ပိတ်သိမ်းပွဲ အခမ်းအနားမှာ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုက လာအိုဝန်ကြီးချုပ် ဆွန်ဆေးဆီဖန်းဒွန်ကို ၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ နေရာကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

လာမယ့်နှစ်မှာ လာအိုက အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာတဲ့အခါ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးဟာ လာအိုအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ကမ္ဘောဒီးယား တော်ဝင်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ဒါရိုက်တာ ကင်ပီးက ပြောပါတယ်။

မြန်မာ့အရေးအတွက် အဖြေဟာလည်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံရဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကို ပူးပေါင်းဖော်ဆောင်မှသာ အထမြောက်အောင်မြင်နိုင်မယ်လို့ သူက ပြောပါတယ်။

“ဒီပြဿနာကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင်ကမှ ဖြေရှင်းလိုခြင်း မရှိဘူးဆိုရင် ပိုခက်တာပေါ့။ ဒီပြဿနာ ပြေလည်ဖို့အတွက် မြန်မာနိုင်ငံမှာ ရှိနေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့ကိုယ်တိုင် ဒီပြဿနာပြေလည်စေဖို့အတွက် ဆန္ဒရှိရမယ်၊ သန္နိဋ္ဌာန်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေရမယ်၊ ရိုးသားရမယ်။”

ဒါရိုက်တာ ကင်ပီးက “နောက်တစ်ချက်ကတော့ ပထဝီဝင် နိုင်ငံရေးရယ် အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အရေးပါမှုတွေကလည်း ဒီပြဿနာအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံက သူတို့ရဲ့ရပ်တည်ချက်ကို ညီညီညွတ်ညွတ်နဲ့ သဘောတူခြင်းမရှိသရွေ့ မြန်မာနိုင်ငံက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက မတူညီတဲ့ အင်အားကြီးနိုင်ငံတွေက ထောက်ပံ့ရင်း ပြဿနာတွေက ပိုမိုရှုပ်ထွေးလာဖို့ ရှိနေပါတယ်။ သူတို့က ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ့အရေးအတွက် သဟဇာတကျတဲ့ အဖြေရရှိရေး ဆောင်ရွက်နိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာစစ်တပ်ကို နိုင်ငံရေးကနေ ထွက်ခွာအောင် ဆွဲဆောင်နိုင်ဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း နှစ်ဖက်လုံးကို ဖိအားပေးတိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမှသာ အတိုက်အခံတွေကလည်း ပဋိပက္ခပြေလည်စေရေးမှာ ပါဝင်လာမှာဖြစ်တယ်လို့ ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂတို့ အနေနဲ့လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာရာမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို လိုက်နာပြီး ပိုပြီးတော့ အပြုသဘောဆောင်တဲ့ ကြိုတင်ပြင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့လိုတယ်လို့ ကင်ပီးက ပြောပါတယ်။

မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လာအိုနိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် ဥက္ကဋ္ဌနေရာကို တာဝန်ယူခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်မှာ တတိယအကြိမ်အဖြစ် အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် လာအိုရဲ့ ရည်ရွယ်ချက်ဟာ အာဆီယံကို ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့အတူ ကြံ့ကြံ့ခံနိုင်ရပ်တည်ရေး ဖြစ်ပါတယ်။

လာအိုဟာ ၂၀၂၄ ခုနှစ်မှာ ကျင်းပသွားမယ့် အာဆီယံခေါင်းဆောင်များညီလာခံကို ဒေသတွင်း ပြဿနာများ ဖြေရှင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေးပြီး ဆွေးနွေးပြုလုပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် Asian Vision သုတေသနအဖွဲ့က သုတေသီကြီးကြပ်ရေးမှူး သောင်မန်ဂ်ဒေးဗစ်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးကို ဦးတည်ဆောင်ရွက်သွားမယ့် လာအိုအတွက် မြန်မာ့အရေးဟာ အရေးကြီးတဲ့ ခေါင်းစဉ်ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

ပဋိပက္ခဒဏ်ကို ကြုံတွေ့ရင်ဆိုင်ရတဲ့ အရပ်သားတွေဟာ အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေး ဝင်ရောက်ခိုလှုံမှုတွေကြောင့် မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ထိခိုက်စေတဲ့ လူမှုဒုက္ခကပ်ဘေး ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ရော အာဆီယံနဲ့ပါ လာအိုရဲ့ ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ့် လာအိုရဲ့ အခန်းကဏ္ဍကိုလည်း သူက အလေးပေး ထောက်ပြခဲ့ပါတယ်။

Cambodian Institute for Democracy အဖွဲ့ကို ပူးတွဲတည်ထောင်သူ ရိုဗန်နက်ခ်ကတော့ မြန်မာ့အရေးဟာ အာဏာရှင်တို့ရဲ့ ဆက်လက်ရပ်တည်ရေး အကျပ်အတည်းတွေနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ဖြစ်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ကမ္ဘာမှာ ဒီမိုကရေစီ အင်အားလျော့နည်းလာမှုတွေက မြန်မာ့အရေးကို ပိုမိုရှုပ်ထွေးလာစေတယ်လို့ ပြောပါတယ်။

နိုင်ငံရေး ဩဇာလွှမ်းမိုးနိုင်မှု အားနည်းတဲ့ နိုင်ငံသေးသေးလေးဖြစ်တဲ့ လာအိုနိုင်ငံဟာ မြန်မာ့ပြဿနာကို သူ့တစ်နိုင်ငံတည်းအနေနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လာအိုဝန်ကြီးချုပ် ဆီဖန်းဒွန်ကတော့ အင်ဒိုနီးရှား ကြိုးပမ်းခဲ့တဲ့ ပိုမိုချိတ်ဆက်မှုရှိပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်တဲ့ အာဆီယံ ဖြစ်လာရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့ ဆိုပါတယ်။

လာအိုဝန်ကြီးချုပ် ဆီဖန်းဒွန်က“ဆက်ပြီးတော့လည်း အာဆီယံအသိုင်းအဝိုင်းအတွက် ပိုပြီးအာရုံစိုက် ကြိုးပမ်း လုပ်ဆောင်သွားမှာတွေ အပါအဝင် ကျနော်တို့ စုပေါင်းအားထုတ်မှုတွေနဲ့ ပထဝီဝင်နိုင်ငံရေး၊ ပထဝီဝင်စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကြားကနေ ရနိုင်သမျှ အခွင့်အရေးတွေကို ဖမ်းဆုပ်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း လာအိုဟာ အာဆီယံဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖိအားပေးဆောင်ရွက်ရင်း ပြင်ပဆက်ဆံရေးတွေကို တိုးချဲ့ဖို့နဲ့ အာဆီယံအတွင်း စည်းလုံးညီညွတ်ရေး ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။

ညီလာခံကို တက်ရောက်လာသူတွေကြား အပြုသဘောဆောင်တဲ့ အမြင်တွေ ရှိနေရတာကို မြင်တွေ့ရတာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်မှုနဲ့ မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပိတ်သိမ်းပွဲ အခမ်းအနားမှာ သုံးသပ်ခဲ့ပါတယ်။

ပိုမိုသာယာဝပြောတဲ့ အာဆီယံဖြစ်လာစေရေးအတွက် ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်ရင်း လူသားတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ဆက်လက်ဆောင်ရွက်သွားကြပါစို့လို့  အင်ဒိုနီးရှားခေါင်းဆောင်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်လာခဲ့ကြသူတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားကြဖို့ ထပ်မံကတိပြုခဲ့ကြသလို မြန်မာနိုင်ငံကိုလည်း အာဆီယံရဲ့ အကူအညီနဲ့ ငြိမ်းချမ်းစွာအဖြေရှာနိုင်အောင် ကြိုးပမ်းဖို့ ထပ်မံတိုက်တွန်းခဲ့ကြပါတယ်။

“၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဘုံသဘောတူညီချက် ငါးချက်ကို ပြန်လည်သုံးသပ်ကာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံ ပြန်လည် အေးချမ်းတည်ငြိမ်ပြီး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိစေရေးအတွက် အာဆီယံ ခေါင်းဆောင်တွေ ကြိုးပမ်းလျက်ရှိတာကို သိရှိအသိအမှတ်ပြုပါတယ်” လို့ အဲဒီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို အတတ်နိုင်ဆုံး လက်လျှော့နောက်ဆုတ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းရင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ခိုင်မာ၊ လက်တွေ့ကျပြီး တိုင်းတာလို့ရနိုင်တဲ့ အညွှန်းကိန်းပြစနစ် ဖော်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း ထပ်မံတင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး၊ ဘေးဒုက္ခရောက်နေသူတွေဆီ ဘက်မလိုက်တဲ့ အကူအညီတွေ ပေးပို့နိုင်ရေးတို့ကို အဓိက ဦးစားပေးပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ပြည်တွင်းစစ်ကို ရပ်တန့်တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပေမဲ့ ဟွန်ဆန်ကတော့ အဲဒီခရီးစဉ်ကြောင့် လူ့အသက်တွေ ဆုံးရှုံးနေရတာကို ကာကွယ်နိုင်ဖို့ အထောက်အပံ့ကောင်း ရခဲ့တယ်လို့ ပြောပါတယ်။

အာဆီယံဥက္ကဋ္ဌ နေရာကို လာအိုက တစ်လအတွင်း တာဝန်လွှဲပြောင်းယူတော့မယ့်အချိန်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှာကို အဖွဲ့ဝင်နိုင်ငံတွေက အလေးအနက် စိုးရိမ်နေကြပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် နိုင်ငံခြားသားတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေ အပါအဝင် အရပ်သားတွေဟာ စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။ သူတို့နိုင်ငံသားတွေ အန္တရာယ်ကင်းစွာ နေရပ်ပြန်လာနိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့ကြပါတယ်။

အမျိုးမျိုးသော အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ပြီး အတတ်နိုင်ဆုံး လက်လျှော့ နောက်ဆုတ်ကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အရပ်သားများ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လိုအပ်တာတွေအားလုံး ဆောင်ရွက်ပေးကြဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကို ကျနော်တို့ တောင်းဆိုပါတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာအိုနိုင်ငံကို အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းရေးအတွက် ပြင်ဆင်မှုတစ်ခုအနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ကောင်ကင်မ်ဟွန်းက နိုဝင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ လာအိုနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

လာအိုနိုင်ငံ ဝန်ကြီးချုပ်ဆီဖန်းဒွန် အပြင် အဓိကျတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ လာအိုနိုင်ငံရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်း အဆင်ပြေ ချောမွေ့စေရေးနဲ့ လိုအပ်တာတွေ ကူညီထောက်ပံ့နိုင်ရေးအတွက် အာဆီယံရဲ့ နိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ စီးပွားရေးတို့အပြင် လူမှုရေး-ယဉ်ကျေးမှု-လူ့အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍတွေအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

Source: The Phnom Penh Post

ဘာသာပြန်- ဥဿာဆန်း

(The Phnom Penh Post သတင်းစာမှာ သတင်းထောက်  Ry Sochan ရေးသားဖော်ပြထားတဲ့  “Laos prepares to accept ASEAN chair against backdrop of Myanmar crisis” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024