ဆွီဒင်နိုင်ငံရဲ့မြို့တော် စတော့ဟုမ်းမြို့က မြို့တော်ခန်းမမှာ ဒီဇင်ဘာ ၁၀ ရက် က ကျင်းပတဲ့ နိုဘယ်ဆုပေးပွဲမှာ နိုဘယ်ဆုရှင်တွေတက်ရောက်ခဲ့ကြပြီး ဆွီဒင်တော်ဝင်မိသားစုနဲ့ နိုဘယ်ဆုပေးတဲ့အဖွဲ့ကို ကျေးဇူးတင်စကား ပြောခဲ့ကြပါတယ်။
ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးမှာ အစဉ်အလာအရ ကျင်းပတဲ့ ဂုဏ်ပြု စားသောက်ပွဲကို ဆွီဒင်ဘုရင်မင်းမြတ်နဲ့ အတူ ဧည့်သည် အယောက် ၁၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
ဒီပွဲဟာ ဆွီဒင်မှာနှစ်စဉ်ကျင်းပတဲ့ အထင်ကရပွဲတွေထဲကတခုဖြစ်ပြီး တော်ဝင်ဘုရင်မိသားစုတွေ၊ သိပ္ပံပညာရှင်တွေ၊ ဆွီဒင်နိုင်ငံရေးနဲ့ စီးပွားရေးထိပ်သီးတွေ၊ ကမ္ဘာတဝန်းက သံတမန်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။
ဘာသာရပ်အလိုက်ဆုရရှိခဲ့တဲ့ နိုဘယ်ဆုရှင်တွေကို ဆွီဒင်နိုင်ငံမှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်တာဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ နော်ဝေနိုင်ငံမှာ ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။
Source/Photo - Reuters