မကွေးတိုင်း ပေါက်မြို့နယ်မှာ ဒီဇင်ဘ် ၈ ရက် မနက်မှာ သာကြီးတောင် ရေနံမြေ ရဲစခန်းက ရဲ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပကဖက ပြောပါတယ်။
ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က သာကြီးတောင်ရေနံမြေမှာ အထိုင်ချတပ်စွဲထားတဲ့ ရဲ ၂ ယောက် ဟင်းရှာထွက်လာတဲ့အချိန်မှာ ပေါက်မြို့နယ် ပကဖ Dog Killer Task Force က ရဲဘော်တွေက ကင်းပုန်းဝပ်ပြီး ဖမ်းဆီးရမိခဲ့တာလို့ ပေါက်မြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ရဲ ၂ ယောက်ကတော့ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး သူတို့ဆီကနေ G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် အတောင် ၃၀၀၊ ဓား ၂ ချောင်း၊ လက်ထိတ် ၂ခုနဲ့ လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရဲ ၂ ယောက်ကိုတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း ထားတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူ တွေ များပြားလာနေသလို စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်က ၁၄,၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။