ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အရှေ့ဘက် ကြသောင်းကုတင်ဘုန်းကြီးကျောင်းဘက်ကနေ စမ်းကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၀ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ကို ၉၉ လမ်းခွ ဂျပန်ကျွန်းခင်းအရောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂၊ Phoneix DF ရဲဘော်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ကာ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို သယ်ဆောင်ကာ ကျောရှည်ဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ Phoneix DF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက နတ်တလင်းမြို့နယ် အရှေ့ဘက် ပဲခူးရိုးမအတွင်းကို အဆက်မပြတ်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အနီးနား နေထိုင်သွားလာ အဆက်သွယ်လုပ်တာတွေကို ရှောင်ရှားကြဖို့ ဒေကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။
ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီလောက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်း (၃၅၀၁) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တောင်ငူ-လွိုင်ကော်ကားလမ်းဘေးရှိ စစ်ကောင်စီတပ်အင်အား ၂၀ လောက်တပ်စွဲထားတဲ့ ထုံးဘိုကြီးတပ်စခန်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ပုဝါနီစစ်ကြောင်းကနေ သိရပါတယ်။
အဆိုပါ တိုက်ပွဲကို ပုဝါနီစစ်ကြောင်းနဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာနဲ့ ကျောက်ရေတွင်းကျေးရွာကိုသွားတဲ့ လမ်းဘေး ရေမြောင်းထဲမှာ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ရေတွင်းကျေးရွာနေသူတဦးက "ရွာထဲမှာ ဦးမဲကြီးဆိုရင် မသိတဲ့သူ မရှိသလို အားလုံးကလည်း ကြောက်နေရတယ်။ ရွာထဲက လူတွေလည်း ခဏခဏခြိမ်းခြောက်နေတာ။ မထင်ရင်မထင်သလို သေနတ်ဖောက်ပြတာတွေ လည်းရှိတယ်" လို့ ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ဦးမဲကြီးဆိုသူမှာ ကျောက်ရေတွင်းကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် တဦးဖြစ်ပြီး ဒီဇင်ဘာ ၉ ရက် မနက် ၇ နာရီလောက်က တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက သေနတ်နဲ့ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဒေသခံတော်လှန်ရေးအဖွဲ့ ဆီက သိရပါတယ်။
သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာကြောင့် ဦးမဲကြီးရဲ့ ဦးခေါင်းနဲ့လက်မောင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာကြောင့် ဒေသခံတွေ အကူအညီနဲ့ ရင်းငြိမ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်ကလည်း ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာက အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးဆိုသူ စစ်မှုထမ်းဟောင်းတယောက်လည်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ ကြောင်း သိရပါတယ်။