ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီး ကျေးရွာအုပ်စု ၅ စုရှိ လူနေအိမ်ခြေပေါင်း ၂၀၀၀၀ ကျော်ကို တပ်ပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး စစ်ကောင်စီက ရက် ၉၀ အတွင်း ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှော်ဘီမြို့နယ်ထဲက ဝါးပတော၊ အင်ကြင်းကုန်း၊ ကုလားကုန်း၊ မြောင်းတကာ၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စုတွေကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကား ၃ စီးနဲ့ ရောက်ရှိလာပြီး ၂၀၂၄ ခုနှစ် မတ်လ ၆ ရက် နောက်ဆုံးထားကာ နေအိမ်တွေအာလုံး ဖယ်ရှားထွက်ခွာကြဖို့ အသိပေးစာကပ်သွားတယ်လို့ မြောင်းတကာကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။
"မနက်ပိုင်း စာကပ်ပီးသတိလာပေးသွားတာပါ။ စစ်တပ်ပစ်ကွင်းနဲ မလွတ်ဘူးဆိုပြီး ရက်ပေါင်း ၉၀ အတွင်း ဒီကနေ ထွက်ခွာပေးရမယ်လို့ ပြောတယ်။ သိတဲ့အတိုင်းပဲ တပ်ပိုင်မြေဆိုပြီး သိပ်မကြာဘူး ဘူဒိုဇာနဲ့ ဘက်ဟိုးနဲ့ လာထိုးကလော်ပြီး ဖျက်စီးကြတော့မှာ။ ဟိုး အဘိုးအဘွားတွေ လက်ထက်တည်းက ဒီမှာနေလာခဲ့တာ။ ဒီလောက် ခေတ်ပျက်ပြီး အစစအရာရာ စျေးတက်နေတဲ့ဟာဘယ်ကိုပြောင်းပေးရမှာလဲလို့ပဲ မေးချင်တယ် " လို့ ပြောပါတယ်။
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ)ရဲ့ ရွှေပြည်ဝေဟင်/မြေပြင် စက်ပစ်ကွင်း တပ်ပိုင်မြေ ၂၀၂၉ ဒသမ ၇၄ ဧကမှာ ကျူးကျော်နေထိုင်သူတွေကို စိစစ်တွေ့ရှိရတာကြောင့် လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးကြဖို့နဲ့ ဖယ်ရှားခြင်းမရှိပါက အင်အားသုံးဖယ်ရှားသွားမှာဖြစ်ကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခြိမ်းခြောက်စာမှာ ရေးသားထားပါတယ်။
ကုလားကုန်းရွာနေ အမျိုးသမီးတစ်ဦးက “အိပ်ယာနိုးနိုးချင်း သေသာ သေလိုက်ချင်တော့တယ်။ ဒီလိုနေ့မျိုးကို ရောက်လာလိမ့်မယ်လို့ တခါမှ မတွေးဖူးဘူး ကျမတို့နေလာတာ ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက ဒီစစ်အာဏာရှင်မင်းအောင်လှိုင် လက်ထက်မှ အခုလိုတွေ ဖြစ်လာနေရတယ်။ မကြုံဖူးပါဘူး ဆန်ဆီစျေးကတက် အလုပ်အကိုင်ရှားပါး အခုအိမ်ပါ ဖယ်ရမယ်ဆိုတော့ တောင်းစားရတော့မှာပေါ့ ပြည်သူတွေ တော်တော်ကို ဒုက္ခဆင်းရဲတွင်းနက်နေပါပြီ"လို့ ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက "စစ်တပ်က ဖယ်ခိုင်းတာက ကျေးရွာအုပ်စုကြီးတွေဖြစ်တဲ့ ကျေးရွာ ၅ ရွာ။ အဲ့ကျေးရွာအုပ်စု ၅ ရွာရဲ့အောက်မှာ ရွာသေးသေးလေးတွေရှိသေးတယ်။ နားလည်အောင် ပြောပြရရင် ဝါးပတောရွာအုပ်စုဆို သရက်ပင်ရွာတို့ တခြားရွာငယ်လေးတွေ ရှိသေးတာ။ အခုအဲ့ရွာလေးတွေပါ အကုန်ရွေ့ခိုင်းတာ။ ရွာကလူတွေကတော့ အော်ကြငိုကြနဲ့ပေါ့ အခုဆိုနေစရာအိမ်ပါမရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိတော့တာ" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလူတန်းစားတွေအများဆုံးနေထိုင်တဲ့ ကျေးရွာရပ်ကွက်တွေကို ကျူးကျော်မြေ ဒါမှမဟုတ် တပ်ပိုင်မြေဆိုပြီး အကြောင်းအမျိုးမျိုးပြ ဖျက်ဆီးသိမ်းယူမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။