တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ၈ လသားအရွယ် ကလေးနဲ့ မိခင်အပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမောက်ကြီးမြို့ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မအေးအေးမာဆိုသူ အား ကော့သောင်း ပကဖ တင်တဲ့ သတင်းတွေကို like၊ share လုပ်ခဲ့တာကြောင့်လို့ဆိုကာ ၈ လသားအရွယ်ကလေးနဲ့အတူ ဒီဇင်ဘာ ၈ ရက်နေ့မှာ စစ်သားအင်အား ၂၀ လောက်က လာရောက်ဖမ်းဆီးခါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ကော့သောင်း ပကဖ ပေ့စ်ရဲ့ သတင်းတင်တဲ့ post အောက်မှာ သူက like တွေပေး၊ သတင်းတွေကို share လိုက်လို့ဆိုပြီး အဲ့ကိစ္စနဲ့ပတ်သက်ပြီး လာဖမ်းသွားတယ်တဲ့။ ခမောက်ကြီးတပ်ကို ဖမ်းခေါ်သွားတာ။ လာဖမ်းတာက ကော့သောင်းကအဖွဲ့တွေ လာဖမ်းတာ၊ ခေါ်သွားတာက ခမောက်ကြီးတပ်ကို ခေါ်သွားတာ။ မအေးမာတို့ သားအမိနှစ်ယောက်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲတွေကိုတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက်ကလည်း အေးချမ်းသာကျေးရွာက အသက် ၂၀ အရွယ် မောင်စိုးလွင်၊ ဖော့သုတ်ကျေးရွာသား ၁ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝက်ကြီးတို့ကို ဖုန်းအတွင်း မသင်္ကာစရာ အချက်အလက်တွေ့ရှိတယ်လို့ဆိုကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
"ယောကျာ်လေး သုံးယောက်တဲ့။ အမှန်ကတော့ ရွာသားစစ်စစ်တွေပဲ။ လူကို မသင်္ကာလို့ ခေါ်ထားတာပေါ့။ မသင်္ကာလို့ ခေါ်တာတောင်မှ ရိုးရိုးခေါ်တာတော့ မဟုတ်ဘူး၊ ခေါင်းကို အစွပ်စွပ်ထားပြီး ငုတ်တုတ်ထိုင်ခိုင်းထားတာတဲ့" လို့ ဒေသခံက ပြောပါတယ်။
ဒါအပြင် အေးချမ်းသာရွာမှာ ရာဘာရောင်းဝယ်လုပ်ကိုင်တဲ့ အသက် ၅၀ အရွယ် ဦးချွတ်ဆိုသူကိုလည်း သူပိုင်တဲ့ ရာဘာတင်ကား နဲ့ တော်လှန်ရေးအဖွဲ့တွေအား ခေါ်တင်တာအပြင် သူ့ရဲ့ဘေးတွဲဆိုင်ကယ်နဲ့ စားနပ်ရိက္ခာတွေ ပေးပို့တယ်လို့ စွပ်စွဲကာ စစ်တပ်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ခမောက်ကြီးမြို့နယ် မာရမ်းဒေသ အေးချမ်းသာရွာမှာ ဒီဇင်ဘာ ၉ ရက်နေ့ ည ၆ နာရီလောက်ကစပြီး စစ်တပ်အင်အား ၃၀ လောက်က ရွာအဝင်အထွက်လမ်းတွေကို ဂိတ်ချပိတ်ဆို့ကာ ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေကိုလည်း တအိမ်တက်တအိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၄ ဦးအပါအဝင် ရာဘာတင်ကားနဲ့ ဘေးတွဲဆိုင်ကယ်တို့ကိုပါ ခမောက်ကြီးမြို့ဘက်ကို ပို့ဆောင်လိုက်တယ်လို့သိရပြီး ပြန်လွတ်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ခမောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ရှမ်းကိုးရွာဒေသဘက်မှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ကျေးရွာတွေမှာ အခုလို ဝင်ရောက်တပ်စွဲတာတွေ၊ ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေအပြင် ဖမ်းဆီးစစ်ဆေးရိုက်နှက်တာတွေက မကြာခဏ လုပ်နေတာကြောင့် ကျေးရွာသားတွေ ကြောက်လန့်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။