ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက် ညနေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့ ကျိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့ညနေ ၃ နာရီ ၄၀ မိနစ်မှာ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် မင်းပြားမြို ဥက္ကာပျံရပ်ကွက်၊ လမ်းသွယ် ၆ က နေအိမ်ခြံဝင်းတခုမှာ ကျရောက်ပေါက်ကွဲပြီး ဆော့ကစားနေတဲ့ မရမာကြီးလူမျိုး ဦးသံဆိုးရဲ့ သမီဖြစ်သူ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ သူတွေကတော့ ဥက္ကာပျံရပ်ကွက်က အသက် ၃၅ နှစ်အရွယ် ဒေါ်နီနီဝင်း၊ အသက် ၁၄ နှစ်အရွယ် မမိုးမိုးဇံ၊ အသက် ၁၂ နှစ်အရွယ် မောင်ထွန်းနိုင်လင်း၊ အသက် ၅ နှစ်အရွယ် မောင်ခိုင်လင်းနိုင်နဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဇော်မျိုးနိုင်တို့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသမီးတယောက်နဲ့ ကလေးငယ် ၄ ယောက်ကိုတော့ မင်းပြားမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ် Channel တွေမှာတော့ ရက္ခိုင့်တပ်တော် အေအေက ပစ်ခတ်တယ်လို့ အမြဲတမ်းရေးသားဖော်ပြလေ့ရှိသလို ရခိုင်ပြည်နယ်အတွင်းက ဘယ်ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုကိုမဆို သတင်းဌာနတွေက သတင်းတွေကို Screenshoot ယူပြီးအေအေရဲ့လက်ချက်လို့ ပြန်လည် ဝါဒဖြန့်နေတာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်တိုက်ပွဲတွေပြန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၃၀ ကျော် လောက်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။