တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှာ ခရီးသည်တင်ကားတွေကို ငွေကြေး ကောက်ခံနေကြတဲ့ စစ်ကောင်စီတပ်သားကို တောင်ပိုင်းညီနောင်များအဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ရေဖြူကျေးရွာ စခန်းချထားတဲ့ စစ်ကောင်စီကုန်းအနီးရှိ ကမ္ဘောဇဆီအုန်းကုမ္ပဏီရှေ့မှာ စစ်ကောင်စီတပ်သားတွေက ခရီးသည်တင်ကားဆီကနေ ငွေကောက်ခံနေတာဖြစ်ပြီးတော့ တောင်ပိုင်းညီနောင်အဖွဲ့ရဲ့ စစ်ကြောင်းက အလစ်သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ခွပ်ဒေါင်းတမန်စစ်ကြောင်း တာဝန်ခံက “ဂိတ်သီးသန့်တော့မရှိဘူးခင်ဗျာ။ ဒီလိုပဲထွက်လာပြီး ပိုက်ဆံကောက် နေကျပဲဗျ။ ပစ်ခတ်မှုဖြစ်ပြီနောက်တော့ သူတို့လမ်းမှာတော့ မရှိတော့ဘူး” လို့ ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေပိုင်းမှာ ရေဖြူဗျူဟာကုန်းကနေ အနီးနားပတ်ဝန်ကျင်နဲ့ ရေဖြူရွာထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး နေအိမ်တချို့ ထိခိက်ပျက်စီးက ကျေးရွာမှာနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
ဒေသခံတဦးက "လက်နက်ကြီးကတော့ မနက်တိုက်ပွဲဖြစ်ပြီးကတည်းက ပစ်တာ၊ ညဘက်အထိမ နားတမ်းပဲ ပစ်တယ်ဗျ။ ပစ်တာတော့ ရေဖြူရွာပတ်လည်တဝိုက်နဲ့ စခန်းနားပတ်ဝန်းကျင်ကို ပတ်လည် ပစ်တာ။ ရေဖြူရွာထဲကိုတော့ လက်နက်ကြီးတွေကျတယ်။ နေအိမ်တွေတော့ ပျက်စီး တယ်ဗျ"လို့ ပြောပါတယ်။
ရေဖြူကျေးရွာဟာ တနင်္သာရီ-မောတောင်ကားလမ်းပေါ်မှာရှိပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ နေရာလည်း ဖြစ်ပါတယ်။
တောင်ပိုင်းညီနောင်များစစ်ကြောင်းကို နိုဝင်ဘာလကုန်လောက်က စတင်ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း ရေဖြူကျေးရွာအနီးက ထုံခါရဲဘက်စခန်း (ခ) ဆင်ဖြူရှင် ၄ အလုပ်ကြမ်းစခန်းကို တောင်ပိုင်းညီနောင်များစစ်ကြောင်းက သွားရောက်မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။