ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာရွာမှာ ဒီဇင်ဘာ ၆ ရက်ကနေ ၉ ရက်နေ့အထိ ၄ ရက်အတွင်း လက်နက်ကြီး ကျည်ထိတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ကွတ်ခိုင် ဗျူဟာလမ်း၊ ကမ္ဘောဇဘဏ်မှာ အမြောက်ကျည်ကြီးကျတယ်၊ ညနေ ၄ နာရီ ကျော်မှာ။ ဒုတိယ တလုံးကတော့ မူဆယ် - နမ့်ခမ်း - ကွတ်ခိုင် လမ်းမကြီးက ကြံ့ခိုင်ရေးရုံးရှေ့က နေအိမ်တအိမ်မှာကျတယ်။ အဲဒီမှာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာပြင်းထန်တယ်။"
ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကွတ်ခိုင် သာယာကုန်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီး မြို့ထဲ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
"သာယာကုန်း စစ်ကောင်စီဘက်က အရင် ပစ်လာတဲ့နောက် စေတီကုန်းဘက်ကလည်း ပစ်ထည့်လိုက်တာ။"
ကွတ်ခိုင် ရပ်ကွက် ၂ က အသက် ၅၀ ကျော်အရွယ် ဦးဇော်မိုင်က ဗိုက်မှာ ဒဏ်ရာရသွားပြီး ဘရန်ဆန်အောင် ဆိုသူက ခေါင်းနဲ့ နားရဲ့အနောက်မှာ ကျည်စဝင်သွားကာ ရပ်ကွက် ၁ က နေအိမ် တလုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
"ဒီနမ့်ဖတ်ကာ ကျတော့ ၆ ရက်နေ့မှာ တယောက်သေတယ်။ ၇ ရက်နေ့မှာ တယောက်သေတာ ပေါ့နော်။ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေလည်းများတယ်။ ခါတိုင်းလို ရမ်းသန်းပစ်တာလေ သူတို့က။ ဒါပေမယ့် အပြင်က အဖွဲ့က ဝင်ပစ်တယ်။ ဝင်ပစ်တယ်ဆိုတာက သူတို့ ဒရုန်းနဲ့ ပစ်တာ။ အဲဒါနဲ့ သူတို့ ရမ်းပစ်လိုက်တာလေ။ အဲဒါနဲ့ လူထိတာ။ တိုက်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်တာတော့ မရှိဘူး" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက်ကလည်း နမ့်ဖတ်ကာ ဇီးတဘန်ရွာထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ၃၅ နှစ်အရွယ် ကိုကျော်မင်းထွန်း ခေါင်းထိ သေဆုံးသွားပြီး ၁၆ နှစ်အရွယ် မောင်စောရဲလင်းကတော့ လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက နမ့်ဖတ်ကာ မန်မောဝ်ရွာမှာ လက်နက်ကျည်ကျကွဲလို့ အသက် ၃၇ နှစ်အရွယ် ဦးဆိုင်းနော်က ဝမ်းဗိုက်နဲ့ လက်ပြင်၊ ၂ နှစ်ခွဲ အရွယ် မောင်ဆိုင်းစင်က လက်မှာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ညနေ ပိုင်းမှာလည်း နမ့်ဖတ်ကာ ရပ်ကွက် ၃၊ ၄ ၊ ၆ တို့မှာ လက်နက်ကြီးကျည် ထိမှန်ပြီး ကိုမျိုးသန့်က ခြေထောက်ထိခိုက်ဒဏ်ရာ၊ ဒေါ်ယာရှိုက ခြေထောက် ကျိုးသွားပြီး ဒေါ်ယာရှိုရဲ့ မြေးဖြစ်သူ အသက် ၁၀ နှစ် အရွယ် ကလေးငယ်က သေဆုံးသွားကာ အသက် ၃၆ နှစ်အရွယ် မချောနုက ညာလက်မောင်း ဒဏ်ရာရခဲ့ကြောင်း ပရဟိတ အသင်းဆီက သိရပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့အနီးက တာမိုးညဲမှာလည်း စစ်ကောင်စီဘက်က နေ့တိုင်းနီးပါး လေယာဉ်နဲ့ ဗုံးလာကြဲလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုက်၊ မူဆယ်၊ နမ့်ခမ်း မြို့နယ်တွေမှာတော့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှု နေ့တိုင်း ပြုလုပ်နေတာပါ။